မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေရှိခဲ့တဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကြီးရဲ့ ရင်ပြင် တော်ကုန်းမြေနဲ့ ပင်မစံကျောင်းတော်ကြီးကို လာမယ့်သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအမီ ပြုပြင်မွမ်းမံတဲ့လုပ်ငန်းတွေ ပြီးစီးအောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးတာတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရာမှာ အထူးသဖြင့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကြီးကို ပွဲတော်ကာလမတိုင်မီ အပြီး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ နည်းပညာအထောက်အကူပြုအဖွဲ့ ခေါင်းဆောင် ဦးမျိုးမြင့်က ပြောပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ရင်ပြင်တော်ကုန်းမြေ ပိုမိုခိုင်ခန့်ကောင်းမွန်စေဖို့နဲ့ ရေရှည်တည်တံ့စေဖို့ စက်ယန္တရား ကြီးတွေနဲ့ Sheet Pile ရိုက်တဲ့လုပ်ငန်းမှာ ဟိုတယ်ဇုန်စက်လှေဆိပ်ကနေ ဖောင်တော်ဦးမြတ်စွာဘုရားကုန်းမြေ အထိ သံချောင်းကြီးတွေကို စက်လှေကြီးတွေနဲ့ သယ်ဆောင်တာတွေ၊ ဖောင်တော်ဦးဘုရား ပင်မကျောင်းဆောင် တိုင်တွေကို ထပ်ပိုးကွန်ကရစ်လောင်းတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားထိခိုက်ပျက်စီးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သာသနိကအဆောက်အဦတွေကိုလည်း ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့အတူ အင်တိုက်အားတိုက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အင်းလေးဒေသမှာ အဆောက်အဦပေါင်း ၂၂၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၅၀ ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။