ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ဗုဒ္ဓါဘိသေကအနေကဇာတင်နဲ့ရေစက်ချအလှူမင်္ဂလာအခမ်းအနားကို မေ(၁၅)ရက် မနက်(၇)နာရီခွဲအချိန်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက် ရာဟုထောင့် အောင်မြေနေရာမှာရှိတဲ့ မင်္ဂလာမဏ္ဍပ် အတွင်း ပြုလုပ်သွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ဂေါပကအဖွဲ့ကနေ သိရပါတယ်။

၂၀၂၄-၂၀၂၅ ခုနှစ်ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်တဲ့လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာ(၁၈)ရက်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ(၃၁)ရက်မှာ လုပ်ငန်းတွေ ပြီးစီးခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ကုသိုလ်ပါဝင်လှူဒါန်းခဲ့ကြတဲ့ ရွှေသင်္ကန်းတော် အလှူရှင်တွေအနေနဲ့ ကုသိုလ်ကောင်းမှူအစုစုတို့ အတွက် အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချအမျှပေးဝေနိုင်ဖို့နဲ့ အခမ်းအနားတက်ရောက်နိုင်ဖို့ ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဖိတ်ကြားထားပါတယ်။ အလှူရှင်တွေအနေနဲ့ အသေးစိတ် သိရှိလိုရင် ဖုန်းနဲ့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။