ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုနှစ် (၅)လတာကာလအတွင်းမှာ ပြည်ပနိုင်ငံတွေက ခရီးသွားဧည့်သည် (၃)သောင်းကျော် လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်မြတ်ကြီးဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ကနေ သိရပါတယ်။

လာရောက်ဖူးမြော်ကြတဲ့ ပြည်ပခရီးသွားဧည့်သည်တွေကတော့ အာရှနဲ့ ဥရောပနိုင်ငံတွေကဖြစ်ပြီး အဲဒီနိုင်ငံ တွေထဲမှာ ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အများဆုံး လာရောက်ကြတာဖြစ်ပါတယ်။ရွှေတိဂုံစေတီတော်မြတ်ကြီးကို ပြည်ပခရီးသွားဧည့်သည် လာရောက်မှုက ဇန်နဝါရီလမှာ (၈)ထောင်ကျော်၊ ဖေဖော်ဝါရီလနဲ့မတ်လမှာ (၇)ထောင်ကျော်စီ၊ ဧပြီလမှာ(၄)ထောင်ကျော်နဲ့ မေလမှာ(၅)ထောင်ကျော် စုစုပေါင် (၅)လအတွင်း (၃)သောင်းကျော် ရှိခဲ့ပြီး ပြည်တွင်းခရီးသွားဧည့်သည်ဝင်ရောက်မှုကတော့ (၃)သန်းကျော် ရှိတယ်လို့ သိရပါတယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီးကို ပြည်တွင်း ပြည်ပက လာရောက်ဖူးမြော်ကြတဲ့ ခရီးသွားဧည့်သည်တွေအတွက် အရင်နှစ်တွေက ဖူးမြော်တဲ့ အချိန်အနည်းငယ်ကန့်သတ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ မနက်(၄)နာရီကနေ ည(၁၀)နာရီအထိ ဖူးမြော်ခွင့်ပြုထားတယ်လို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။