ရွှေတိဂုံစေတီတော်ရဲ့(၂၆၁၃)နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို မတ်လ ၄ ရက်နေ့မှာ စတင်ကျင်းပ သွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။ပွဲတော်ကိုတော့ မတ်လ ၄ ရက်ကနေ ၁၃ ရက်အထိ ၁၀ ရက်တိုင်တိုင် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊

တပေါင်းပွဲတော်ဖွင့်ပွဲကို မတ်လ ၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဖိတ်နေ့ဖြစ်တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ပြန်ကြားရေးဌာနက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်၊၊ တပေါင်းပွဲတော်ဖွင့်ပွဲနေ့ကစပြီး ပိတ်ပွဲနေ့အထိ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်မှာ သံဃာတော်အပါး ၁၂၀ တို့က နာရီပေါင်း ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

ဒါ့အပြင် မတ်လ ၁၃ ရက် မနက် ၅ နာရီအချိန်မှာ ရင်ပြင်တော်အောင်မြေမှာ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်း တာ၊ မနက် ၉ နာရီအချိန်မှာ ချမ်းသာကြီးတန်ဆောင်းမှာ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နဲ့ ရေစက်ချ အခမ်းအနားကျင်းပတာတွေကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊