မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တောင်ပုလတောင်တော်ကို လက်ရှိနယ်မြေအခြေအနေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဘုရားလာရောက်သူလျော့နည်းသွားပြီး (၄)နှစ်တာကာလအတွင်း အနည်းဆုံးဖြစ် တယ်လို့ တောင်ပုလဆရာတော်အရှင်ပညာဘောဂ က မိန့်ပါတယ်။

အရင်ကတစ်ရက်ကိုဘုရားဖူးလာရောက်သူဦးရေဟာ (၇၀၀)ကနေ(၁၀၀၀)ကြားလောက်ရှိခဲ့ပြီး လတ်တလော မှာတော့(၁၀)ရာခိုင်နှုန်းလောက်သာရှိတော့တယ်လို့မိန့်ပါတယ်။အရင်က တောင်ပုလတောင်တော်ကို ပြည်တွင်း/ပြည်ပကနေ ဘုရားဖူးလာရောက်သူတွေ၊ တိမ်ပင်လယ်ကြည့်ရှု့ ခံစားရင်း သာယာလှပတဲ့တောတောင်ရေမြေ ရှုမြင်ကွင်းအလှအပတွေနဲ့ အမှတ်တရဓာတ်ပုံ/ဗီဒီယိုရိုက်ကူးသူ တွေနဲ့ အင်မတန်ကိုစည်ကားခဲ့တာပါ။ကျောင်းသား/ကျောင်းသူတွေ စာမေးပွဲဖြေဆိုတဲ့ကာလပြီးသွားရင်တော့ ဘုရားဖူးလာရောက်သူတွေများပြား လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်၊ ဘုရားဖူးလာရောက်သူတွေကို အစဉ်အလာမပျက် စတုဒိသာ ကျွေးမွေးလှူဒါန်းပေးနေတယ်လို့လည်း သိရ ပါတယ်။

တောင်ပုလဆရာတော်အရှင်ပညာဘောဂ ဟာ သဘာဝဘေးအန္တရာယ်ကျရောက်စဉ်အချိန်ကာလကလည်း သဘာဝဘေးဒဏ်ခံစားနေရတဲ့ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူငွေ၊ အဝတ်အထည်၊ ဆေးဝါး၊ အစားအသောက်နဲ့ မီးလင်းရေးပစ္စည်းတွေအပါအဝင် အသုံးအဆောင်ပစ္စည်းတွေကိုလှူဒါန်းပေးခဲ့ပါတယ်။ သဘာဝဘေးကြောင့် ရေနစ်မြုပ်ခဲ့ တဲ့ရေတွင်းရေကန်တွေကို ပြုပြင်ဖော်ဆောင်ပေးတာတွေအပြင် ယာယီနေရပ်စွန့်ခွါသူတွေကိုလည်းလှူဒါန်းမှုတွေပြု လုပ်ပေးခဲ့တယ်လို့လည်းသိရပါတယ်။