မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စစ်ကိုင်းတောင်ရိုးပေါ်က ဆွမ်းဦးပုညရှင်စေတီတော်မှာ ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ ၆၀ ရာခိုင်နှုန်းလောက် ပြီးစီးပြီဖြစ်တယ်လို့ ဆွမ်းဦးပုညရှင် စေတီတော်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်လှက ပြောပါတယ်။

ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ အရပ်လေးမျက်နှာမှာရှိတဲ့ အာရုံခံတန်ဆောင်းတွေ၊ အရှေ့ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်အာရုံခံတန်ဆောင်းတွေမှာ ကိန်းဝပ်စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ထိခိုက်ပြိုကျပျက်စီးခဲ့ပြီး စေတီတော်မှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။အပျက်အစီး ရှင်းလင်းရေးလုပ်ငန်းတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့တွေက ပူး ပေါင်းဆောင်ရွက်နေပြီး ဧရာဝတီဖောင်ဒေးရှင်းကလည်း စက်အင်အား၊ လူအင်အားတွေနဲ့ ကူညီပံ့ပိုးပေးနေပါ တယ်။

ပြန်လည်ပြုပြင်တည်ဆောက်ရေးနဲ့ပတ်သက်လို့ကတော့ ရှင်းလင်းရေးလုပ်ငန်းတွေအားလုံး ပြီးစီးသွားမှပဲ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဦးကျော်လှက ပြောပါတယ်။ မတ်လ ၂၈ ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ဘုရားစေတီပုထိုးတွေ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေ အများအပြား ထိခိုက်ပြိုကျပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ရေး အတွက် အလှူရှင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။