ငလျင်ကြီးဒဏ် သင့်ခဲ့တဲ့ နေပြည်တော် လယ်ဝေးမြို့က ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ချက်မ ဘုရာကြီးရဲ့ ထီးတော်၊ စိန်ဖူးတော် ၊ငှက်မြတ်နားတော်တို့ကို ဧပြီလ ၂၄ ရက်က စနစ်တကျဖြုတ်ယူပြီး ဘုရားဂေါပကအဖွဲ့က သိမ်းဆည်းထားတယ်လို့ သိရပါတယ်။မတ်လ ၂၁ ရက်ကမှ ရွှေသင်္ကန်းကပ်လှူပြီးခဲ့တဲ့ ဖောင်တော်ချက်မ ဘုရားဟာ မတ်လ ၂၈ ရက်မှာ ငလျင်ဒဏ် သင့်ပြီး ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

ဘုရားကြီးဟာ ငလျင်ဒဏ်ကြောင့် ယိုင်လဲနေပေမယ့် ရွှေသင်္ကန်းကပ်ဖို့ ငြမ်းတွေ မဖြိုရသေးတဲ့အတွက် ငြမ်းနဲ့ သွားမီနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ အထူးရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကောင်းမြင့်နောင်က ရှင်းပြပါတယ်။ အခုလိုဖြုတ်ရာမှာ ခက်ခက်ခဲခဲ ဖြတ်ယူရပြီး အန္တရာယ်လည်း အလွန်များတယ်လို့ ဆိုပါတယ်။

ဘုရားကြီးရဲ့ လက်ရှိအခြေအနေကို စစ်ဆေးပြီးမှ အသစ်ပြန်တည်ရမလား ပြန်လည်မွမ်းမံရမလားဆိုတာကို သိရမယ်လို့ ဂေါပကအဖွဲ့ ဒုတိယဥက္ကဌ ဦးမင်းနိုင်က ပြောပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရှေးဟောင်းဘုရားစေတီနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်း အဆောက်အဦများစွာ ပျက်စီးခဲ့ရပြီး ဧပြီ ၂၃ ရက် ညနေအထိ စာရင်းတွေအရ လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။