ပြည်ပကို အလုပ်သွားလုပ်မယ့်သူတိုင်း အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ရရှိမှသာ သွားရောက်လုပ်ကိုင်ကြဖို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။
ပြည်ပကို အလုပ်သွားလုပ်မယ့်သူတွေဟာ (Passport for Job – PJ) အမျိုးအစားနိုင်ငံကူးလက်မှတ်ကို လျှောက်ထားဖို့ လိုအပ်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ မဖြစ်မနေမှတ်ပုံတင်ပြီးမှ သွားရောက်လုပ်ကိုင်ဖို့လိုတယ်လို့ဆိုပါတယ်။ အခုအခါ ပြည်ပနိုင်ငံတွေကို အလည်ဗီဇာနဲ့ သွားရောက်လည်ပတ်နိုင်ဖို့ထုတ်ပေးတဲ့(Passport for Visit – PV) အမျိုးအစား နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေဟာ အလည်အတွက်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာတွေ လျှောက်ထားရယူကာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး ပြည်ပမှာအခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ရင် ကူညီဖြေရှင်းဆောင်ရွက်ပေးဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

PV အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာနဲ့ ပြည်ပကိုထွက်ခွာရာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်တွေမှာ စိစစ်တားမြစ်တာတွေခံရရင် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေမဖြစ်ပေါ်စေဖို့အတွက် ပြည်ပကို အလုပ်သွားလုပ်မယ်လို့ ရည်ရွယ်ရင် မူလကတည်းက PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကို လျှောက်ထားပြီး အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ကာ OWIC ရယူပြီး တရားဝင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။