ပြီးခဲ့တဲ့ မေလ ၆ ရက်က မန္တလေး-ရန်ကုန် လေကြောင်းခရီးစဉ်က လေယာဉ်မတော်တဆ ဖြစ်ပွားမှုနဲ့ ပတ်သက် ပြီး စုံစမ်းစစ်ဆေးမှုတွေကို စနစ်တကျဆောင်ရွက်နေပြီဖြစ်တယ်လို့ မြန်မာအမျိုးသားလေကြောင်း(MNA)က ထုတ်ပြန်ပါတယ်။မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မေလ ၆ ရက် ညနေပိုင်းက မြန်မာအမျိုးသားလေကြောင်းက လေယာဉ် တစ်စင်း ဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်ခဲ့တဲ့အပေါ် မြန်မာအမျိုးသားလေကြောင်းဘက် အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

ခရီးသည် ၁၄၃ ယောက် သယ်ဆောင်ပျံသန်းမယ့် မြန်မာအမျိုးသားလေကြောင်းရဲ့ Boeing XY-ALV ဟာ မန္တလေး မြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာဖို့ ပျံတက်ချိန် လေယာဉ်ပြေးလမ်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ အချက်ပြမှု ဖြစ်ပေါ် လာတာကြောင့် လေယာဉ်မှူးက ပြေးလမ်းပေါ်မှာ ပျံသန်းမှုကို ရပ်တန့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။အဲဒီအချိန်မှာ လေယာဉ်ရဲ့ Brake စနစ် ပူပြင်းမှုကြောင့် လေယာဉ်ဘယ်ဘက်တာယာတွေ ပွင့်ထွက်လွင့်စဉ်မှု ဖြစ်ပေါ်ခဲ့ကာ မီးတောက်ဖြစ်လာတာကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိတဲ့ လေယာဉ်ဘီးတွေက ကောင်းမွန်ပြီး လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက်ထိပ်မှာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ပြေးလမ်းပေါ်မှာ ရပ်တန့်နိုင်ခဲ့ပါတယ်။ လေယာဉ်အမှုထမ်းတွေ လိုက်နာကျင့်သုံးရတဲ့ Safety Operating Procedure တွေအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းအားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာနဲ့ လေဆိပ်နားနေဆောင်ကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် မြန်မာအမျိုးသားလေကြောင်းအနေနဲ့ အဲဒီခရီးစဉ်မှာ လိုက်ပါတဲ့ခရီးသည်တွေကို ရန်ကုန်ကို အစားထိုးလေယာဉ်တွေနဲ့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်တွေရဲ့ လိုအပ်ချက်တွေအတိုင်း အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာအမျိုးသားလေကြောင်းက ခရီးသွားမိဘပြည်သူ တွေကို အနူးအညွတ် တောင်းပန်အပ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။