မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကို အခုနှစ်မှာ အရင်နှစ်တွေကထက် ဘုရားဖူးလာရောက်သူ များပြားတယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ကျိုက်ထီးရိုးဆံတော်ရှင်စေတီကို ဘုရားဖူးရာသီအဖြစ် သီတင်းကျွတ်ကာလကစပြီး စုစုပေါင်း(၇)လ သတ်မှတ်ထားတာပါ။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်အတွင်း လာရောက်ဖူးမြော်သူ ပိုမိုများပြားတယ်လို့ ဂေါပကအဖွဲ့၊ အဖွဲ့ခေါင်းဆောင်ဦးစိုးလှက ပြောပါတယ်။
ကျိုက်ထီးရိုးစေတီတော်ကို အောက်တိုဘာ(၁၇)ရက် (သီတင်းကျွတ်လပြည့်နေ့)ကနေ နိုဝင်ဘာ(၂၇)ရက် တန်ဆောင်မုန်းလဆုတ်(၁၂)ရက်အထိ ပြည်တွင်းဘုရားဖူး နှစ်သိန်းကျော်နဲ့ ပြည်ပဘုရားဖူး (၆၈၁)ယောက် လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်ပဘုရားဖူးဧည့်သည်တွေထဲမှာတော့ ထိုင်းနိုင်ငံက အများဆုံးဖြစ်ပြီး ဒုတိယအနေနဲ့လာအိုနိုင်ငံနဲ့ ဥရောပနိုင်ငံတွေကလည်း အနည်းငယ် ပါဝင်တယ်လို့ ဆိုပါတယ်။
ကျိုက်ထီးရိုတောင်ခြေ ကင်ပွန်းစခန်းက ဆံတော်ရှင်စေတီရင်ပြင်တော်ကို လက်ရှိအချိန်မှာ ကားအစီးရေ(၁၅၀) ကျော် ပြေးဆွဲပေးနေပြီး ယာဉ်စီးခတွေကိုတော့ တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ကားခေါင်းခန်း(၉၀၀၀)ကျပ်၊ ကားနောက်ခန်း(၇၀၀၀)ကျပ်ဖြစ်ပြီး ကားစင်းလုံးငှားမယ်ဆိုရင်တော့ (၂၈,၀၀၀) ကျပ် သတ်မှတ်ထားပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို မနှစ်က လာရောက်ဖူးမြော်သူ (၇၂၂,၀၀၀)ကျော်လာ ရောက်ခဲ့တယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။