အမှတ် ၁၅ အဆန်၊ ၁၆ အစုန် ရန်ကုန်-ပဲခူး DEMU တွဲဆိုင်းသစ်ရထားကို အောက်တိုဘာ ၂ ရက် ညနေပိုင်းက စတင်ပြေးဆွဲနေပြီး လိုက်ပါစီးနင်းသူ များပြားတာကို တွေ့ရပါတယ်။
ရထား စတင်ပြေးဆွဲတဲ့ အထိမ်းအမှတ် အခမ်းအနားကိုတော့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ရန်ကုန်ဘူဝာာကြီးမှာ ပြုလုပ်ခဲ့တာပါ။
အဲဒီရထားဟာ ရန်ကုန်ဘူတာကြီးကနေ ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ ထွက်ခွာပြီး ပဲခူးဘူတာကို ည ၇ နာရီ ၁၅ မိနစ် လောက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။
ပဲခူးဘူတာကနေ မနက် ၆ နာရီလောက်မှာ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန် ဘူတာကြီးကို မနက် ၈ နာရီ မိနစ်၂၀ လောက်မှာ ရောက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရထားလက်မှတ်ခ နှုန်းထားတွေကတော့ ရန်ကုန်ဘူတာကြီးကနေ ဒါးပိန်ဘူတာအထိ ၁၃၀၀ ကျပ်၊ ဒါးပိန်ဘူတာ ကျော်ရင် ၂၅၀၀ ကျပ် သတ်မှတ်ထားပြီး ကြားဘူတာ ၁၂ ဘူတာမှာ ရပ်တန့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
စပိန်နိုင်ငံက ဝယ်ယူထားတဲ့ အဲကွန်းပါတဲ့ DEMU ရထားတွဲဆိုင်းတွေကို ရန်ကုန်-ပဲခူး ခရီးစဉ်မှာ ပထမဆုံး အသုံးပြုတာ ဖြစ်ပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာလည်း မကြာမီ အသုံးပြုဖွယ်ရှိတယ်လို့ သိရပါတယ်။