ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် YBS ယာဉ်တွေအနေနဲ့ မဆင်မခြင်မောင်းနှင်ပြီး စည်းကမ်းဖောက်ဖျက်တဲ့အမှုပေါင်း ၄ သောင်းကျော်ရှိတယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့ညနေပိုင်းက YRTC အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာ တွေဆုံပွဲမှာ ဦး လျန်ကျင့်မန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြစ်မှုဖြစ်ပွားတဲ့အကြောင်းအရာတွေကတော့ ဘေးတံခါးဖွင့်မောင်းနှင်မှု၊ ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု၊မီးနီ ဖြတ်မောင်းနှင်မှု ဘေးတံခါးဖွင့်မောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှု၊ရပ်နားချိန်ကြာမြင့်မှုနဲ့ သတ်မှတ်လမ်း ကြောင်းအတိုင်း မမောင်းနှင်မှု စတာတွေ ရှိခဲ့ပြီး အများဆုံးကတော့ ဘေးတံခါးဖွင့်မောင်းတာနဲ့ ယှဉ်ပြိုင်ကျော်တက်တဲ့ အမှုတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စည်ကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းတွေကို ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ဖို့ က.ည.န နဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဦးလျန်ကျင့်မန်က ဆက်လက်ပြောပါတယ်။
အခုနှစ် ၈ လအတွင်းမှာ YBS ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၈၉ ယောက်နဲ့ သေဆုံးသူ အယောက် ၃၀ ရှိတယ်လို့ သိရပါတယ်။