မြန်မာနိုင်ငံကို ပြည်ပခရီးသွား နိုင်ငံခြားသားတွေ ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ် မှာ လျော့ကျသွားတယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က နိုင်ငံခြားသား ပြည်ပခရီးသွား ၁ ဒသမ ၆ သန်းလောက် ဝင်ရောက်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ ၁ ဒသမ ၂ သန်းလောက်သာ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပခရီးသွားလျော့ကျသွားတာဟာ လေယာဉ်လက်မှတ်ခတွေ ဈေးကြီးတာနဲ့ ပြည်တွင်း အခြေအနေတွေ ကြောင့် ဖြစ်နိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ နိုင်ငံတကာရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ထုတ်လွှင့်တာနဲ့ ခရီးသွားလမ်းညွှန်ချက်တွေ ထုတ်ပြန် ထားတာတွေကြောင့်လည်း ပြည်ပခရီးသွား ဝင်ရောက်မှု နည်းခဲ့တာလို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်မှာ ပြည်ပခရီးသွား ဝင်ရောက်မှု လျော့ကျသွားပေမယ့် ပြည်တွင်းခရီးသွားတွေရဲ့ သွားလာလည်ပတ်မှု ကတော့ များပြားခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းခရီးသွားတွေ လွယ်ကူစွာ ခရီးသွားလာနိုင်ရေး နဲ့ ပြည်ပခရီးသည်တွေ ပိုမိုလာရောက်ရေးကို အခြားနိုင်ငံ တွေ နည်းတူ အလေးထားဆောင်ရွက်ဖို့ မြန်မာနိုင်ငံရဲ့ ခရီးစဉ်တွေ လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ သွားလာ လည်ပတ်နိုင်တဲ့ ပကတိအခြေအနေမှန်ကို ခရီးသွားတွေ အချိန်တိုတိုအတွင်း ထိထိရောက်ရောက် သိရှိအောင် အဓိကထား ဆောင်ရွက်ဖို့ကိုလည်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နစက အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်း ဇန်နဝါရီ ၈ ရက်က ကျင်းပ တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၃၅ ဒသမ ၅၄ သန်းကျော် လာရောက်လည်ပတ်ခဲ့တာရှိပြီး ၂၀၂၃ ခုနှစ်ထက် ၂၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။