မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ အခုဇန်နဝါရီလမှာ ကျင်းပတဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ မြန်မာက ဆုသုံးဆုအတွက် စာရင်းတင်သွင်းခဲ့ရာ ဆုနှစ်ဆု ရရှိခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

အဲဒီဖိုရမ်မှာ အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆု၊ အာဆီယံ Spa ဝန်ဆောင်မှုဆု၊ အာဆီယံအများသုံး သန့်စင်ခန်းဆု ဆိုပြီး ဆုအမျိုးအစား ၃ ခု ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီအမျိုးအစား သုံးခုစလုံးကို ဝင်ရောက်ယှဉ်ခဲ့တာဖြစ်ပြီး အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း CBT၊ အာဆီယံ Spa ဝန်ဆောင်မှုဆုအတွက် Jasmine Taunggyi Hotel ရှိ Jasmine Spa ၊ အာဆီယံ အများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့၊ စူဠာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုတွေအနက် အာဆီယံ လူထုအခြေပြု ခရီးသွားလုပ်ငန်းဆု (ASEAN CBT Award) အတွက် ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာရှိ CBT ၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့ စူဠာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဆုရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။