ပြည်ပထွက်ခွာရာမှာ သတ်မှတ်ချက်နဲ့ မကိုက်ညီသူတွေက ငွေကြေးပေးဆောင်ပြီး ထွက်ခွာခွင့်ပြုသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန် ရှိသူတစ်ယောက်က ပြန်လည်ဖြေကြားထားပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းနိုင်ငံကို အမျိုးသမီးငယ်တွေ ထွက်ခွာခွင့်ကို တားမြစ်ထားတဲ့ ညွှန် ကြားချက် မရှိပါကြောင်းနဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်တွေနဲ့ ညီညွတ်ရင် ခွဲခြားမှု မရှိဘဲ ထွက်ခွာခွင့် ပြုနေတယ်လို့ ဆိုပါတယ်။

သာမန်နိုင်ငံကူးလက်မှတ်တွေနဲ့ ပြည်ပထွက်ခွာလိုရင်လည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နိုင်ငံတကာ လေဆိပ် တွေမှာ သတ်မှတ်ထားတဲ့ ပတ်စ်ပို့၊ ဗီဇာ၊ လေယာဉ်လက်မှတ် စတာတွေမှာ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံရင် ထွက်ခွာခွင့် ပြုနေတယ်လို့လည်း ဖြေကြားချက်အရ သိရပါတယ်။ပြည်ပကို အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်နဲ့ သွားရောက်လုပ်ကိုင်မယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကိုတော့ ပြည်ပအလုပ်အကိုင်မှတ်ပုံတင်ကတ် OWIC ထုတ်ပေးတာကို လတ်တလော ရပ်ဆိုင်း ထားတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၅၁ မှာတော့ ပြည်သူ့စစ်မှုထမ်းဖို့ အမိန့်စာ ရရှိသူဟာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိကြောင်း ပြဋ္ဌာန်းထားတာကြောင့် စစ်မှုထမ်းစာရင်းမှာ အကျုံးဝင်တဲ့ အမျိုးသားတွေအနေနဲ့ ပြည်ပကို PJ နိုင်ငံကူးလက်မှတ်နဲ့ သွားရောက် အလုပ်လုပ်မယ်ဆိုရင် စစ်မှု ထမ်းစာရင်းမှာ မိမိနာမည် ပါ၊ မပါ စိစစ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။