“အမျိုးသားအောင်ပွဲနေ့” ပျော်ပွဲရွှင်ပွဲနဲ့ ဈေးရောင်းပွဲတော်အဖြစ် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်မှာကျင်းပနေတဲ့ ရေကျော်ပွဲဈေး စတုတ္ထမြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ၂၅ ရက် ညပိုင်းမှာလည်း လာရောက်လည်ပတ်သူ၊ ဈေးဝယ်သူ တွေ စည်ကားများပြားခဲ့ပါတယ်။ ရေကျော်ပွဲဈေးကို နိုဝင်ဘာ၂၂ ရက်ကနေ နိုဝင်ဘာ၂၆ ရက်အထိ ငါးရက် တိုင်တိုင် ကျင်းပနေတာပါ။

ဒီပွဲတော်မှာ မြန်မာ့ရိုးရာမုန့်ပဲသရေစာအရောင်းဆိုင်တွေ၊ တိုင်းရင်းသားရိုးရာ စားသောက်ဖွယ်ရာ အရောင်း ဆိုင်တွေ၊ အပျော်တမ်းကစားနည်းတွေ၊ ကလေးကစားစရာအရောင်းဆိုင်တွေ၊ အဝတ်အထည်နဲ့ ဖိနပ်အရောင်း ဆိုင်တွေ အများအပြား လာရောက်ခင်းကျင်းရောင်းချနေသလို ချား၊ ရဟတ်၊ အပျော်စီးပင်လယ်ဓားပြလှေ စတာတွေကိုလည်း စီးနင်းသူများပြားတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရပွဲတော်တွေထဲကတစ်ခုဖြစ်တဲ့ ရေကျော်ပွဲဈေးကို ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ပွဲတော်မကျင်းပနိုင်ခဲ့ရာကနေ အခု ၂၀၂၄ ခုနှစ်မှာမှ ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။