ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး သထုံ-ဘီးလင်းကြား မိုးကောင်းရွာနဲ့ ဒုံဝန်းရွာအကြားမှာရှိတဲ့ ကရင် လေးဆိပ်တံတားဟာ ဇူလိုင် ၁၇ ရက်၊ မနက် ၄ နာရီလောက်က မိုင်းခွဲခံရမှုကြောင့် ပျက်စီးခဲ့ပြီး ယာဉ်အသွား အလာ ပြတ်တောက်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မိုင်းခွဲခံရတဲ့ တံတားဟာ ကရင်လေးဆိပ်ရွာထဲကို စီးဆင်းတဲ့ ချောင်းကူးတံတားဖြစ်ပြီး အရှည် ၁၀ ပေ၊ အကျယ် ၅၄ ပေ ရှိတဲ့ တံတားဖြစ်တယ်လို့ ဆိုပါတယ်။

တံတားပြိုကျပျက်စီးမှုကြောင့် ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေ သွားလာလို့ မရတော့ဘဲ အသွားအလာ ပြတ်တောက်နေကာ နေ့စဉ်ကားအစီးရေ ရာချီ၊ ထောင်ချီရှိတဲ့အတွက် ကားတွေလည်း ပိတ်မိနေတယ်လို့ ပေးဆပ် သူ(Rescue)စုပေါင်းသွေးအလှူရှင်များ ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
တံတားပြိုကျပျက်စီးမှုကြောင့် လူထိခိုက်သေဆုံးတာ မရှိခဲ့ပေမဲ့ အသွားအလာ ပြတ်တောက်နေတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ယာယီပြတ်တောက်နေတယ်လို့ သိရပါတယ်။