ဂျပန်နိုင်ငံက ဝယ်ယူထားတဲ့ လေအေးပေးစက်ပါ ခေတ်မီ DEMU ရထား တွဲဆိုင်းသစ်တွေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ပြေးဆွဲမယ့် ရန်ကုန်-နေပြည်တော် ခရီးစဉ် အချိန်စာရင်းနဲ့ ရထားလက်မှတ်ခတွေကို မြန်မာ့မီး ရထားက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို အမှတ်(၇)အဆန်နဲ့ အမှတ်(၈)အစုန် DEMU ရထားတွဲဆိုင်းသစ်တွေ၊ မန္တလေး-နေပြည်တော် ခရီးစဉ်ကို အမှတ်(၂၈)အစုန်နဲ့ အမှတ်(၂၇)အဆန် လေအိတ်ရထားတွဲဆိုင်းတွေနဲ့ ချိတ်ဆက် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

အမှတ်(၇)အဆန် DEMU ရထားဟာ မနက် ၆ နာရီမှာ ရန်ကုန်ဘူတာကနေ စတင်ထွက်ခွာပြီး မနက် ၁၁ နာရီခွဲ မှာ နေပြည်တော် ဘူတာကို ဆိုက်ရောက်မှာဖြစ်ကာ အမှတ်(၂၇)အဆန် လေအိတ်ရထားဟာ မွန်းတည့် ၁၂ နာရီ မှာ နေပြည်တော် ဘူတာကနေ စတင်ထွက်ခွာပြီး မန္တလေးဘူတာကို ညနေ ၅ နာရီမှာ ဆိုက်ရောက်မှာ ဖြစ်ပါ တယ်။ အမှတ်(၂၈)အစုန် လေအိတ်ရထားကတော့ မနက် ၆ နာရီမှာ မန္တလေးဘူတာကနေ စတင်ထွက်ခွာပြီး မနက် ၁၁ နာရီမှာ နေပြည်တော်ဘူတာကို ဆိုက်ရောက်မှာဖြစ်ကာ အမှတ်(၈)အစုန် DEMU ရထားကတော့ မွန်းတည့် ၁၂ နာရီမှာ နေပြည်တော်ဘူတာကနေ စတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲမှာ ရန်ကုန်ဘူတာကို ဆိုက်ရောက်မှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ရန်ကုန်-မန္တလေး ခရီးစဉ် အစအဆုံးအတွက် ကြာမြင့်ချိန်ဟာ ၁၁ နာရီသာ ရှိတော့မှာ ဖြစ်တဲ့အတွက် အရင်ကထက် ခရီးစဉ်ကြာမြင့်ချိန်ကို လျှော့ချနိုင်မှာဖြစ်လို့ ခရီးသည်တွေအတွက် အဆင်ပြေလာနိုင်တယ်လို့ ရ ထားစီး ခရီးသည်တစ်ယောက်ကလည်း သုံးသပ်ပြောကြားပါတယ်။ရန်ကုန်-နေပြည်တော် DEMU ရထားမှာ ခရီးသည် ၃၁၂ ယောက် လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီး နေပြည်တော်- မန္တလေး လေအိတ်ရထားမှာတော့ ခရီးသည်အယောက် ၃၃၀ လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်။

လက်မှတ်ခနှုန်းထားတွေအနေနဲ့ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်အတွက် ပထမတန်း ၁၉၀၀၀ ကျပ်၊ အထက်တန်း ၂၈၀၀၀ ကျပ် ဖြစ်ပြီး နေပြည်တော်-မန္တလေး လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်း ၇၀၀၀ ကျပ် နဲ့ အထက်တန်း ၁၁၀၀၀ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ခရီးသည်တွေအနေနဲ့ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်တွေ ဝယ်ယူနိုင်ပြီး ပထမ တန်း/ရိုးရိုးတန်း ၂၆၀၀၀ ကျပ်၊ အထက်တန်း ၃၉၀၀၀ ကျပ် ဖြစ်ပြီး လက်မှတ်တွေကို သုံးရက် ကြိုတင်ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။DEMU တွဲဆိုင်းသစ်ရထားတွေနဲ့ ရန်ကုန်-ပဲခူး ခရီးစဉ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က စတင် ပြေးဆွဲပေးခဲ့သလို ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွေမှာလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြေးဆွဲပေးခဲ့တာ ရှိပါတယ်။