ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို ဂျပန်နိုင်ငံက ဝယ်ယူထားတဲ့ လေအေးပေးစက်ပါတဲ့ ခေတ်မီ DEMU ရထား တွဲဆိုင်းသစ်တွေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

စတင်ပြေးဆွဲမယ့် DEMU ရထားမှာ ပထမတန်း ၄ တွဲ၊ အထက်တန်း ၂ တွဲ စုစုပေါင်း တွဲဆိုင်း ၆ တွဲပါရှိပြီး ခရီး သည် ၃၁၂ ယောက် လိုက်ပါစီးနင်းနိုင်မှာဖြစ်ကာ ရထားအချိန်စာရင်းနဲ့ လက်မှတ်ခနှုန်းထားတွေကို ထပ်မံ ထုတ်ပြန် ပေးသွားမယ်လို့ ဆိုပါတယ်။DEMU ရထားတွဲဆိုင်းတွေနဲ့ နေပြည်တော်ကနေ ရန်ကုန်ထိ စတင်စမ်းသပ်ပြေးဆွဲတဲ့ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်၊ မနက် ၈ နာရီအချိန်မှာ နေပြည်တော်ဘူတာကြီးကနေ စတင်ထွက်ခွာခဲ့ပြီး ခရီးသွားပြည်သူ အယောက် ၁၃၀ လိုက်ပါစီးနင်းခဲ့ပါတယ်။ ရန်ကုန်ဘူတာကို မွန်းလွဲ ၁ နာရီ မိနစ် ၅၀ မှာ ရောက်ရှိခဲ့ပြီး ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-နေပြည်တော် ခရီးစဉ်သစ်ကို ပြေးဆွဲမယ်ဆိုရင် ခရီးသည်တွေ အတွက် ရထားနဲ့သွားလာရတာ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ယောက်က ပြောထားပါတယ်။DEMU တွဲဆိုင်းသစ်ရထားတွေနဲ့ ရန်ကုန်-ပဲခူး ခရီးစဉ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က စတင် ပြေးဆွဲပေးခဲ့သလို ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွေမှာလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြေးဆွဲပေးခဲ့တာ ရှိပါတယ်။