ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို လေအေးပေးစက်ပါတဲ့ DEMU အထူးအမြန်ရထားတွေ မကြာမီ ပြေးဆွဲသွားဖို့ စီ စဉ်ထားတယ်လို့ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။ ခရီးစဉ်ပြေးဆွဲ ပေးနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို စာတင်ထားပြီး အခုဖေဖော်ဝါရီလကုန်မှာ ပြေးဆွဲနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ရန်ကုန်-နေပြည်တော် ခရီးစဉ်သစ်ကို ပြေးဆွဲမယ်ဆိုရင် ခရီးသည်တွေအတွက် ရထားစီးသွားလာ ရတာ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။လက်ရှိမှာတော့ ရန်ကုန်-နေပြည်တော် ခရီးစဉ်သစ်ကို ဘယ်နှခေါက် ပြေးဆွဲမလဲဆိုတာနဲ့ ရထားလက်မှတ်ခ ဘယ်လောက် သတ်မှတ်သွားမလဲဆိုတာကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် အမှတ်(၁၁) အဆန်နဲ့ အမှတ်(၁၂) အစုန် ရန်ကုန်-မန္တလေး အမြန်ရထားတွေကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး အမြန်နှုန်း မြှင့်တင် ပြေးဆွဲနေပြီ ဖြစ်တဲ့အတွက် အချိန်စာရင်း ပြောင်းပြီး ပြေးဆွဲနေတယ်လို့ သိရပါတယ်။ရန်ကုန်-ပဲခူး ခရီးစဉ် DEMU တွဲဆိုင်းသစ်ရထားကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က စတင် ပြေးဆွဲပေးခဲ့သလို ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွေမှာလည်း DEMU တွဲဆိုင်းသစ်တွေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြေးဆွဲပေးခဲ့ပါတယ်။