အမှတ်၇အဆန်/၈အစုန် ရန်ကုန်-နေပြည်တော် DEMUရထားနဲ့ အမှတ်၂၇အဆန်/၂၈အစုန် နေပြည်တော်-မန္တလေး လေအိတ်ရထားတွေကို ဖေဖော်ဝါရီ၂၈ရက်ကစပြီး ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ရန်ကုန်-နေပြည်တော် DEMUရထား စတင်ပြေးဆွဲတဲ့အခမ်းအနားကို ဖေဖော်ဝါရီ၂၈ရက် မနက်ပိုင်းက ရန်ကုန်ဘူတာကြီးမှာ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်-မန္တလေး လေအိတ်ရထား စတင်ပြေးဆွဲတဲ့အခမ်းအနားကိုလည်း ဖေဖော်ဝါရီ၂၈ရက်မနက်ပိုင်းက မန္တလေးဘူတာကြီးမှာ ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။အဲ့ဒီနောက် နေပြည်တော်ဘူတာကြီးကို ဆိုက်ရောက်လာတဲ့ ရန်ကုန်-နေပြည်တော် DEMUရထားနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေ၊ မန္တလေး-နေပြည်တော် လေအိတ်ရထားနဲ့ လိုက်ပါလာကြတဲ့ ခရီးသည်တွေကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

အခုစတင်ပြေးဆွဲတဲ့ အမှတ်၇အဆန်/အမှတ်၈အစုန် ရန်ကုန်-နေပြည်တော် DEMUရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၆နာရီမှာထွက်ခွာပြီး နေပြည်တော်ဘူတာကြီးကို မနက်၁၁နာရီခွဲမှာ ဆိုက်ရောက်တာဖြစ်သလို နေပြည်တော်ဘူတာကြီးကနေ နေ့လယ်၁၂နာရီမှာ ပြန်လည်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးကို ညနေ၅နာရီခွဲမှာ ဆိုက်ရောက်တာဖြစ်ပါတယ်။
အမှတ်၂၇အဆန်/ အမှတ်၂၈အစုန် နေပြည်တော်-မန္တလေး လေအိတ်ရထားဟာ နေပြည်တော်ဘူတာကြီးကနေ နေ့လယ်၁၂နာရီမှာထွက်ခွာပြီး မန္တလေးဘူတာကြီးကို ညနေ၅နာရီမှာ ဆိုက်ရောက်တာဖြစ်သလို မန္တလေးဘူတာကြီးကနေ မနက်၆နာရီမှာထွက်ခွာပြီး နေပြည်တော်ဘူတာကြီးကို မနက်၁၁နာရီမှာ ဆိုက်ရောက်တာဖြစ်ပါတယ်။

အခုပြေးဆွဲပေးတဲ့ ရန်ကုန်-နေပြည်တော် DEMUရထားခရီးစဉ်နဲ့ နေပြည်တော်-မန္တလေး လေအိတ်ရထားခရီးစဉ်တွေဟာ ရန်ကုန်ကနေ မန္တလေးအထိ ခရီးစဉ်အစအဆုံးအတွက်ဆိုရင် အချိန်၁၁နာရီသာ ကြာမြင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။လက်မှတ်ခနှုန်းထားတွေအနေနဲ့ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်အတွက် ပထမတန်း ၁၉၀၀၀ ကျပ်၊ အထက်တန်း ၂၈၀၀၀ ကျပ် ဖြစ်ပြီး နေပြည်တော်-မန္တလေး လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်း ၇၀၀၀ ကျပ် နဲ့ အထက်တန်း ၁၁၀၀၀ ကျပ် ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ခရီးသည်တွေအနေနဲ့ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်တွေကို တစ်ခါတည်း ဝယ်ယူမယ်ဆိုရင် ပထမတန်း/ရိုးရိုးတန်း ၂၆၀၀၀ ကျပ်၊ အထက်တန်း ၃၉၀၀၀ ကျပ် ဖြစ်ပြီး လက်မှတ်တွေကို သုံးရက် ကြိုတင်ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ထားပါတယ်။ရန်ကုန်-နေပြည်တော် DEMUရထားဟာ လမ်းဘူတာအနေနဲ့ ပဲခူး၊ ဖြူး၊ တောင်ငူဘူတာတွေမှာ ရပ်တန့်ပေးသွားမှာဖြစ်ပြီး နေပြည်တော်-မန္တလေး လေအိတ်ရထားက လမ်းဘူတာအနေနဲ့ သာစည်ဘူတာမှာပဲ ရပ်တန့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။