ရေကြီးရေလျှံမှုတွေကြောင့် ရထားလမ်းပိုင်း ၃ ခုမှာ ရေကျော်နေတဲ့အတွက် ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်းခဲ့ရတယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။ အခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ရန်ကုန်-မန္တလေး၊ ပဲခူး-မော်လမြိုင်နဲ့ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းတွေမှာ ရေကြီးရေကျော်နေတာတွေကြောင့် ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရေကြီးမှုတွေကြောင့် ဇူလိုင် ၂၈ ရက်က ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အဆန်အထူးရထားက ခရီးသည်တွေကို RBE ရထားတွဲဆိုင်းတွေနဲ့ ပြောင်းရွှေ့ပေးကာ မော်တော်ယာဉ်တွေနဲ့ ဆက်လက်ပို့ဆောင်ပေးခဲ့ရပါတယ်။
အလားတူ မော်လမြိုင်က ထွက်ခွာလာတဲ့ အမှတ် ၈၂ အစုန်အမြန်ရထားနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေကိုလည်း ပဲခူးဘူတာက RBE ရထားတွဲဆိုင်းနဲ့ သွားရောက်ခေါ်ယူပြီးနောက် အထူးရထားတွဲဆိုင်းနဲ့ ရန်ကုန်ဘူတာအထိ ဆက်လက်ပို့ဆောင် သယ်ယူပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းတစ်လျှောက်မှာလည်း ရထားလမ်းတာပေါင်နဲ့ တံတားတွေပေါ်မှာ ရေကိုးလက်မခန့် ဖြတ်ကျော်စီးဆင်းနေတာကြောင့် ဇူလိုင် ၂၇ ရက်က စပြီး လူစီးရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားရပါတယ်။
ဒါ့အပြင် ပဲခူးဘူတာယာဒ်ဝင်းအတွင်းမှာ ရေကျော်လွန်ရောက်ရှိနေတဲ့အတွက် ဇူလိုင် ၃၀ ရက်မှာ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားမှာဖြစ်ပြီး ဝယ်ယူထားတဲ့ လက်မှတ်တွေအတွက် ငွေပြန်အမ်းပေးသွားမှာ ဖြစ်တယ်လို့လည်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။