မြန်မာနိုင်ငံခရီးသွားပြပွဲ(၂၀၂၅)ကို ကျင်းပသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက သိရပါတယ်။ မြန်မာ့နိုင်ငံခရီးသွားပြပွဲ(၂၀၂၅) ကျင်းပဖို့အတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသတွေကို ကမ္ဘာကသိရှိပြီး ပြည်ပခရီးသွား ဧည့်သည်တွေ ပိုမိုတိုးတက် ဝင်ရောက်လာ စေဖို့ ရည်ရွယ်ပြီး ခရီးသွားပြပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံခရီးသွားပြပွဲအတွက် အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ဆောင်ရွက်နေတဲ့ ခရီးသွားပြပွဲတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရင် နိုင်ငံတကာက ပိုမိုကျယ်ပြန့်စွာသိလာနိုင်မှာဖြစ်ပြီး ခရီးသွားကဏ္ဍ တိုးတက်ဖို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ပိုမို အားစိုက် ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်စိုးဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ(၂၀၂၃)ခုနှစ်က ပြည်ပခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်းကျော် ဝင်ရောက်ခဲ့ပြီး (၂၀၂၄) ခုနှစ်မှာ ၁ ဒသမ ၀၆ သန်းကျော်သာ ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေ သိရပါတယ်။