ငလျင်ဒဏ်သင့်ဒေသတွေကို ကူညီထောက်ပံ့လှူဒါန်းခြင်းခရီးစဥ်အဖြစ် ကြွရောက်လာတဲ့ မိုင်းဖုန်း ဆရာတော် ကြီးဟာ ဧပြီ ၂၂ ရက် ညပိုင်းမှာတော့ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ တည်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ကြွရောက်ခဲ့ပါတယ်။

မိုင်းဖုန်းဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယအရှင်ဉာဏသံဝရ အမှူးပြုတဲ့ ဆရာတော်၊သံဃာတော်တွေဟာ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးမှာ ပန်း၊ရေချမ်းနဲ့ လျှပ်စစ်မီးတွေ ကပ်လှူ ပူဇော်ပြီး အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်းတွေ ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဆရာတော်ကြီးဟာ ပြင်းထန်မန္တလေးငလျင်ကြီးဒဏ် ခံစားရတဲ့ ခုနစ်ရက်သားသမီးတွေကို မေတ္တာပို့ပေးတာ၊ ငလျင်ဘေးကြောင့် သေဆုံးသွားခဲ့ရသူတွေအတွက် မေတ္တာပို့ အမျှပေးဝေတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေကို ကူညီထောက်ပံ့လှူဒါန်းခြင်းခရီးစဥ်အဖြစ် ကြွရောက်လာတဲ့ မိုင်းဖုန်းဆရာတော်ကြီး ကို ဒေသခံပြည်သူ အများအပြားက လာရောက်စောင့်ဆိုင်းပြီးဖူးမြော်ကြည်ညိုကြတာကိုလည်း တွေ့ရပါတယ်။ဆရာတော်ကြီးကလည်း လာရောက်ဖူမြော်တဲ့ ပြည်သူတွေကို အဆောင်လက်ဖွဲ့တွေ ချီးမြှင့်ပေးဝေခဲ့ပါတယ်။မိုင်းဖုန်းဆရာတော်ကြီးဟာ နေပြည်တော် ပြည်ထောင်စုနယ်မြေကနေ ရန်ကုန်မြို့ကို ဆက်လက်ကြွရောက်မှာ ဖြစ်တယ်လို့လည်း သိထားရပါတယ်။