မန္တလေးကနေ မြစ်ကြီးနားကိုသွားမယ့် လေယာဉ်ခရီးစဉ်တွေအတွက် လေယာဥ်လက်မှတ်တွေကို ၁၀ ရက်လောက် ကြိုတင်ဝယ်ယူရမယ်လို့ ပြည်တွင်းလေကြောင်းလိုင်းတွေဆီကသိရပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းမှာ ယာဉ်သွားလာမှုအခက်အခဲတွေရှိနေတဲ့အတွက် လေကြောင်းခရီးစဉ်ကို အသုံးပြုသူများလာနေတာဖြစ်ပါတယ်။
မန္တလေး- မြစ်ကြီးနား လေယာဉ်ခရီးစဉ်တွေအတွက် လေယာဥ်လက်မှတ်ခစျေးနှုန်းတွေဟာလည်း အရင်ထက်ဈေးတက် နေသလို လေယာဉ်လက်မှတ်ရဖို့ (၁၀)ရက်လောက်ကြိုတင်ဝယ်ယူမှသာရနိုင်တယ်လို့ ပြည်တွင်းလေကြောင်းလိုင်းတွေက ပြောပါတယ်။

အခုလက်ရှိမှာတော့ မန္တလေး – မြစ်ကြီးနားကိုပြေးဆွဲနေတဲ့ လေယာဥ်လက်မှတ်ခဈေးနှုန်းတွေဟာ မြန်မာအမျိုးသားလေကြောင်း(MNA)ဆိုရင် ကျပ်လေးသိန်းနီးပါးနဲ့ မန်းရတနာပုံလေကြောင်းလိုင်းဆိုရင်တော့ ကျပ်လေးသိန်းဝန်းကျင်အထိ ရှိနေတယ်လို့သိရပါတယ်။
လက်မှတ်ခဈေးနှုန်းတွေကတော့ အရောင်းကိုယ်စားလှယ်ပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိတယ်လို့လည်းသိရပါတယ်။