အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ ကျွမ်းကျင် ဆောက်လုပ်ရေးလုပ်သားနဲ့ ကျွမ်းကျင်အင်ဂျင်နီယာလိုအပ်ချက် ကြီးမားလာနိုင်ဖွယ်ရှိတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

အရင်ကတည်းက ပြည်ပထွက်ခွာတာနဲ့ အခြားသော အကြောင်းအမျိုးမျိုး ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေ ရှိနေတာပါ။ငလျင်ကြောင့် အဆောက်အအုံတွေ အများအပြား ပျက်စီးခဲ့ပြီး ပြန်လည်တည်ဆောက်ချိန်မှာတော့ လုပ်သား လိုအပ်ချက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမျိုးမြင့်က ပြောပါတယ်။ နိုင်ငံတကာက အကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့ ပျက်စီးသွားတဲ့အဆောက်အအုံတွေ ဖြိုဖျက်တဲ့အပိုင်း တွေလောက်သာ အဆင်ပြေနိုင်ပေမယ့် ရေရှည်တည်ဆောက်ရေးပိုင်းမှာ ဝင်ရောက်ကူညီပေးဖို့ ဆိုတာကတော့ မလွယ်ကူနိုင်လောက်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော် သေ ဆုံးပြီး အခြေခံအဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပြည်တွင်းက ဘိလပ်မြေစက်ရုံတချို့ ရပ်နားထားရတဲ့အတွက် အိမ်ဆောက်ပစ္စည်းဈေးကွက်ထဲမှာလည်း ဘိလပ်မြေတစ်အိတ် ကို အမျိုးအစားအလိုက် ကျပ် ၄ သောင်း ကျော်အထိ မြင့်တက်ခဲ့ပါတယ်။