ရန်ကုန်-ပဲခူးပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၁၀ လိုင်းအနက် ယာဉ်လိုင်း ၉ လိုင်းဟာ စော်ဘွားကြီးကုန်း ဂိတ်စနေရာ အစား အောင်မင်္ဂလာအဝေးပြေးဂိတ်စအဖြစ် အခုလကုန်ကစပြီး လမ်းကြောင်းပြောင်းလဲ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ YRTC ကော်မတီဝင်(၅) ဦးဘမြင့်က ပြောပါတယ်။
အခုလမ်းကြောင်းပြောင်းလဲပြေးဆွဲမယ့် ရန်ကုန်-ပဲခူး ယာဉ်လိုင်း ၉ လိုင်းဟာ ပဲခူးကနေ အောင်မင်္ဂလာအဝေးပြေး အထိ အမှတ်၃လမ်းမကြီးအတိုင်း ပြေးဆွဲသွားမှာဖြစ်ပြီး အခုလို လမ်းကြောင်းပြောင်းလဲသတ်မှတ်လိုက်တဲ့ အတွက် စော်ဘွားကြီးကုန်းမှာ ယာဉ်ကျပ်တည်းတာတွေ လျော့ကျသွားမယ်လို့ ဆိုပါတယ်။
အောင်မင်္ဂလာအဝေးပြေးရဲ့ ဂိတ်အမှတ် ၁ နားမှာ YCDC ရဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်-ပဲခူးယာဉ်လိုင်းဂိတ် တည်ဆောက်နေပြီဖြစ်တယ်လို့ ဦးဘမြင့်က ပြောပါတယ်။

ကျန်တဲ့ ရန်ကုန်-ပဲခူး ယာဉ်လိုင်း၁လိုင်းကတော့ မူလအတိုင်း ဒဂုံဧရာအဝေးပြေးဂိတ်စကနေပဲ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်-ပဲခူး ယာဉ်စီးခနှုန်းထားတွေကတော့ ဂိတ်စ ဂိတ်ဆုံးကျပ် ၃၀၀၀ ဖြစ်ပြီး သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံရင်လည်း အရေးယူသွားမယ်လို့ ဦးဘမြင့်က ပြောပါတယ်။
လက်ရှိမှာတော့ အောင်မင်္ဂလာအဝေးပြေးမှာ တည်ဆောက်နေတဲ့ ရန်ကုန်-ပဲခူး ကားဂိတ်က ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။