ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းမှာ ရေပြန်လည်ကျဆင်းသွားတဲ့အတွက် ဩဂုတ် ၂၀ ရက်ကစပြီး လူစီး ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲနေတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က စပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နဲ့ရေကြည်မြို့နယ်က နေရာအချို့ မှာ ရထားသံလမ်းပေါ် ရေကျော်တာ၊ ရထားတံတားအချို့ရဲ့ ရေလယ်တိုင်နဲ့ ကမ်းကပ်ခုံတွေ ရေတိုက်စားခံရ တာတွေ ကြုံတွေ့ခဲ့ရတာကြောင့် ရထားခရီးစဉ်တွေ ယာယီရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

ဩဂုတ် ၁၉ ရက်က ရထားလမ်းပိုင်းနဲ့ တံတားကြံ့ခိုင်မှုတွေ စစ်ဆေးမှုအရ ရထားတွေ ဖြတ်သန်း စေလွှတ်နိုင်ပြီဖြစ်တဲ့အတွက် ရထား လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ အဲဒါကြောင့် ဩဂုတ် ၂၀ ရက်ကစပြီး ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်း ပိုင်းမှာ ယာယီရပ်နားထားတဲ့ အမှတ် ၁၈၁ အဆန် လူစီးအမြန်ရထားကို ပုသိမ်ကနေ ကြံခင်းအထိနဲ့ အမှတ် ၁၈၂ အစုန် လူစီးအမြန်ရထားကို ဟင်္သာတကနေ ပုသိမ်အထိ ပြေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် ခရီးစဉ်အစအဆုံး ဖြစ်တဲ့ ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်/အဆန် ရထားတွေကို ဩဂုတ် ၂၁ ရက်ကစတင် ပြီး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။