ပုဂံမြို့ရှေးဟောင်းနယ်မြေအတွင်းရှိ သရပါတံခါးအနီးက ရေလမ်းကြောင်းတွေကို ပြန်လည်တူးဖော်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။အဲဒီလိုဆောင်ရွက်ရတာဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့ ရေဝပ်မှုမရှိဘဲ ရေစီးရေလာကောင်းမွန်စေဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျူံးတစ်လျှောက် ရေလမ်းကြောင်းတွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး လိုအပ်တဲ့နေရာတွေမှာ ရေပြွန်တည်ဆောက် တာတွေလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာန ခွဲ)မှဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်နန်းနွယ်က ပြောပါတယ်။ ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ သရပါတံခါးအနီးက အရှေ့ဘက်ကျူံးကို ဝင်ထွက်နေတဲ့ ရေလမ်းကြောင်းကြီး သုံးခုရှိပြီး အမှတ်(၁)ရေလမ်းကြောင်းဟာ တုရင်တောင်က ရေကန်တွေကိုအဆင့်ဆင့်ဖြတ်ကျော်ကာ ကျူံးထဲကို စီးဝင်တာ ဖြစ်ပါတယ်။

အဲဒီကနေတစ်ဆင့် မြောက်ဘက်ကျူံးကို ဖြတ်စီးသွားပြီး ဧရာဝတီမြစ်ထဲကို စီးဆင်းသွား တာဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့မိုးရာသီကာလတုန်းက ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် နန်းမြို့ရိုးအရှေ့ဘက် သရပါတံခါး အနီးလမ်းတွေမှာ ရေကျော်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။