ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာမှာရှိတဲ့ ဟိန္ဒူ ဆုတောင်းပြည့်ဘုရားပွဲတော် နောက်ဆုံးနေ့အဖြစ် မီးနင်းပွဲတော်ကို ဧပြီလ ၁၁ရက်က ကျင်းပပါတယ်။

အဲဒီဘုရားပွဲတော်ကို ဧပြီလ ၂ ရက်ကစပြီးတော့ ၁၀ ရက်တိုင်တိုင်ကျင်းပခဲ့တာဖြစ်ပြီးအနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ သိန်းနဲ့ချီ လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘုရားဖူးလာသူအားလုံးကိုလည်း နေ့စဥ် သားသတ်လွတ် ထမင်းဟင်းဧည့်ခံကျွေးမွေးတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌ ဦးသိန်းလွင်ကပြောပါတယ်။

ပွဲတော်ကာလအတွင်း နေ့စဥ်ပူဇော်ပွဲတွေကျင်းပခဲ့ပြီး ဧပြီလ ၁၁ ရက် မနက်ပိုင်းမှာ မီးအိုးမီးပန်းတွေနဲ့ လှည့်လည် အပူဇော်ခံတာတွေပြုလုပ်ခဲ့သလို ညနေ ၄ နာရီလောက်မှာတော့ မီးနင်းပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မီးနင်းပွဲမှာ ပါဝင်ပြီး မီးနင်းကြမယ့် ဘာသာဝင်တွေဟာ မီးနင်းပွဲမတိုင်မီ ၁၀ရက်ကြိုတင် ဥပုသ်ဝင်ကြရပြီး ဥပုသ်ရက်အတွင်းမှာ သားသတ်လွတ်စားပြီး ငါးပါးသီလကို အထူးလုံခြုံအောင် စောင့်ထိန်းရတယ်လို့လည်း သိရပါတယ်၊၊ မီးနင်းပွဲတွေကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေက အချိန်အလိုက်ကျင်းပကြပြီး ဟိန္ဒူဘာသာဝင်တွေအပြင် တခြားဘာသာဝင်တွေကလည်း မီးနင်းပွဲတော်ကို ပါဝင်ဆင်နွှဲကြတယ်လို့လည်း သိရပါတယ်၊၊