တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သက်တမ်းတိုးဖို့အတွက် Online Appointment ရယူတာတွေကို နာမည်အမျိုးမျိုးနဲ့ ကြိုတင်ရက်ချိန်းရသူတွေရှိပြီး အဲဒီရက်ချိန်းတွေကို အခကြေး ငွေယူကာ ပြန်လည်ရောင်းချနေတာတွေ ရှိတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်၊၊ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အဆင်ပြေချော့မွေစွာ ဝန်ဆောင်မှု ပေးနိုင်ဖို့ အတွက် Online Appointment စနစ်ကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ကျင့်သုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီလို ဆောင်ရွက်နေရာ Online မှာ ရက်ချိန်းရယူထားပြီး အလုပ်အားလပ်မှုမရှိတာနဲ့ သံရုံးကို လူကိုယ်တိုင် လာရောက်ဖို့ အခက်အခဲရှိသူတွေအတွက် မိသားစုဝင်တစ်ဦးဦးကဖြစ်စေ၊ အသိမိတ်ဆွေကဖြစ်စေ ကိုယ်စားလှယ် လွှဲစာတွေနဲ့ လာရောက်လျှောက်ထားတာတွေကို ဖြေလျှော့ခွင့် ပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်၊၊အဲဒီ ဖြေလျှော့ခွင့်ပြုထားတဲ့အပေါ် တချို့သူတွေဟာ မိမိကိုယ်ကျိုးအတွက် အသုံးပြုပြီး မိမိကိုယ်တိုင် လျှောက် ထားဖို့အတွက် မဟုတ်ဘဲ Online Appointment စနစ်ကို အမည်အမျိုးမျိုး၊ အီးမေးလ်လိပ်စာအမျိုးမျိုးနဲ့ ဝင်ရောက်ပြီး ကြိုတင် Appointment ကိုရယူကာ အဲဒီ Appointment ကို အခကြေးငွေနဲ့ ပြန်လည်ရောင်းချ နေတာတွေကို စိစစ်တွေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။လက်ရှိမှာ တိုကျိုမြို့က မြန်မာသံရုံးအနေနဲ့ မိမိကိုယ်ကျိုးအတွက် Online Appointment တွေ ကြိုတင်ရယူ ဆောင်ရွက်ထားကြောင်း သံသယရှိသူတွေရဲ့ Appointment တွေကို စနစ်တကျ စိစစ်ပြီး ပယ်ဖျက် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်၊၊

ဒါပေမဲ့ သံရုံးကို လူကိုယ်တိုင်လာရောက် လျှောက်ထားဖို့ အခက်အခဲရှိတဲ့ ဝေးလံဒေသ တွေက မြန်မာနိုင်ငံသားတွေအနေနဲ့ စာတိုက်ကနေတစ်ဆင့် ပေးပို့လျှောက်ထားမှုတွေကို ဆက်လက်ခွင့်ပြု ဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်၊၊အဲဒီလိုပယ်ဖျက်ရာမှာ ကိုယ်တိုင်လျှောက်ထားဖို့ ဆောင်ရွက်ထားတဲ့ နိုင်ငံသားတွေရဲ့ Appointment တွေ ပါရှိသွားရင် အချက်အလက် အပြည့်အစုံ တင်ပြပြီး သံရုံးကို လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပြီး သံရုံးက လိုအပ်တဲ့ စိစစ်မှုတွေပြုလုပ်ကာ လက်ခံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်၊၊ အဲဒီအပြင် မူနဲ့ကိုက်ညီတဲ့ လျှောက်ထားမှုတွေနဲ့ မိသားစုဝင်တွေမှအပ Appointment တစ်ခုကို လျှောက်လွှာ တစ်စောင်သာ လက်ခံသွား မှာဖြစ်ပြီး မိသားစုဝင်တွေမှအပ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ကိုယ်စား လာရောက်လျှောက်ထားသူတွေကို လက်ခံဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။