မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ဒီဇင်ဘာလ နောက်ဆုံးပတ် ရုံးပိတ်ရက်ရှည်(၅)ရက်မှာ ဘုရားဖူးတွေ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့က သိရပါတယ်။
ဒီဇင်ဘာရုံးပိတ်ရက်တွေတုန်းကလည်း ကျိုက်ထိုးရိုးစေတီတော်ကို ဘုရားဖူးခရီးသည်တွေ အများအပြား လာရောက်ဖူးမြော်ခဲ့တယ်လို့ ဆိုပါတယ်။နှစ်ကူးရုံးပိတ်ရက်(၅)ရက်မှာလည်း ဘုရားဖူးလာရောက်တဲ့သူတွေ များလာမှာဖြစ်ပြီး တောင်တက် တောင်ဆင် အဆင်ပြေစေဖို့နဲ့ အခမဲ့တည်းခိုနေထိုင်ရေးတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ပြောပါတယ်။
ကျိုက်ထီးရိုးစေတီကို ဒီဇင်ဘာလ(၁)ရက်ကနေ (၂၆)ရက်အထိ ပြည်တွင်းဘုရားဖူးခရီးသည် ၂ သိန်း ၆ သောင်း ကျော်နဲ့ ပြည်ပဘုရားဖူးခရီးသည် ခုနစ်ရာကျော် လာရောက်ခဲ့ပြီး စုစုပေါင်း (၂)သိန်းကျော်ခန့် လာရောက်ဖူးမြော်ခဲ့ကြတယ်လို့ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။