ပြည်တွင်းမှာ သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနဲ့ပတ်သက်လို့ လာမယ့်စက်တင်ဘာ ၁ ရက်ကစပြီး စာအုပ်ဖိုးငွေ ပြောင်းလဲသတ်မှတ်သွားမှာဖြစ်တယ်လို့ ဩဂုတ် ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ အသိပေးပန်ကြားချက် ထုတ်ပြန်ထားပါတယ်။
အရင်က စာအုပ်ဖိုးငွေကျပ်သုံးသောင်းခွဲသတ်မှတ်ထားရာကနေ အခုကျပ်လေးသောင်း သတ်မှတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ အွန်လိုင်းဘွတ်ကင်စနစ်သစ်နဲ့ မြန်မာနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)လျှောက်ထားမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့တာပါ။

လက်ရှိမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ပြည်ပကို အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာမယ့်သူတွေကိုတော့ စိစစ်ပြီးပြန်လည်စေလွှတ်ခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ဌာနက One News သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားထားပါတယ်။