အခု ၂၀၂၅ ခုနှစ်ကုန်ကစပြီး ထိုင်းနိုင်ငံမှာ ပြည်ပခရီးသွားတွေ အတွက် ခရီးသွားခွန် ဘတ် ၃၀၀ စတင်ကောက်ခံတော့မှာဖြစ်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစားဝန်ကြီး Sorawong Thienthong က ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာပြောကြားလာပါတယ်။ထိုင်းနိုင်ငံကို လေ ယာဉ်ဖြင့် ရောက်ရှိလာတဲ့ နိုင်ငံခြားခရီးသွား တစ်ဦးကို ဘတ် ၃၀၀ ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေကြောင်း လမ်းကဖြစ်ဖြစ် ကုန်းလမ်းကဘဲ ဖြစ်ဖြစ် နိုင်ငံတွင်းကို လာရောက်သူတွေကို ဘတ်ငွေ ၃၀၀ ကောက်ခံသွားမှာဖြစ်ပြီး ရက်ပေါင်း ၃၀ ကနေ ၆၀ အတွင်း အကြိမ်များစွာ နိုင်ငံထဲကို ဝင်ရောက်ခွင့် ပေးသွားမှာဖြစ်တယ်လို့ Sorawong Thienthong ကပြောပါတယ်။

လက်ရှိမှာခရီးသွားခွန် ဘတ် ၃၀၀ ကောက်ခံမယ့် အစီအစဥ် အသေးစိတ်ကို တိတိကျကျဖော်ပြထားတာမရှိပေမယ့် အခွန်ကောက်ခံရာမှာ လွယ်ကူချောမွေ့မှုရှိစေဖို့အတွက် Thailand Digital Arrival Card (TDAC) နဲ့ ဒေတာချိတ်ဆက်မှု လုပ်ဆောင်နေကြောင်း Sorawong Thienthong ကပြောကြားထားပါတယ်။ဒီအစီအစဉ်ဟာ ခရီးသွားတွေအတွက် အာမခံကို အသုံးပြုခွင့်ပေးတဲ့အတွက် ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်တယ်လို့ သံရုံးအများအပြားကလည်း အတည်ပြုပြောကြားထားပါတယ်။ဒါ့အပြင် ခရီးသွားတွေ အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် ခရီးသွားလုပ်ငန်း အခွန်စနစ် တစ်ခုတည်းကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း အလေးအနက် ပြောကြားထားပါတယ်။ခရီးသွားခွန်ကောက်ခံမှုကနေတစ်ဆင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍကနေ နှစ်စဉ် ၀င်ငွေ အနည်းဆုံး ဘတ် ၃ ထရီလီယံအထိရရှိမယ်လို့ ထိုင်းအစိုးရအဖွဲ့က မျှော်မှန်းထားပါတယ်။