ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့မှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။စစ်ကိုင်းမြို့မှာတော့ ငလျင်ဒဏ်ကြောင့် နေအိမ်တိုက်တာ အဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ ဌာနဆိုင်ရာအဆောက်အဦတွေ၊ ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ တာပါ။

ငလျင်လှုပ်ခတ်မှုအပြီး ခုနစ်ရက်အကြာ ဧပြီ ၄ ရက် ညနေပိုင်းအထိ စစ်ကိုင်းမြို့မှာတော့ ထိခိုက်ပျက်စီးခဲ့တဲ့ နေရာတချို့မှာသာ အပျက်အစီးတွေကို ရှင်းလင်းနိုင်သေးပြီး တချို့နေရာတွေမှာတော့ အပျက်အစီးတွေ ရှင်းလင်းနိုင်မှု မရှိသေးတာ တွေ့ရပါတယ်။ လတ်တလော အလှူရှင်တွေ လာရောက်လှူဒါန်းတာ များပေမယ့် ရေရှည် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေတယ်လို့ စစ်ကိုင်းမြို့ရှိ ပညာမောင် လူမှုအကျိုးပြု ကူညီရေး အသင်းဥက္ကဋ္ဌ ဦးအောင်က ပြောပါတယ်။ စစ်ကိုင်းမြို့မှာတော့ ငလျင်ကြောင့် ထိခိုက်ပျက်စီးတာတွေကို ရှင်းလင်းဖို့ ကျန်ရှိနေသေးတဲ့အတွက် လူထိခိုက် သေဆုံးရတဲ့ အရေအတွက်အတိအကျကိုတော့ စာရင်းကောက်ယူနေဆဲ ဖြစ်တယ်လို့လည်း စစ်ကိုင်းမြို့မှာ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ငလျင်ကြောင့် အိမ်ပြိုကျတဲ့ အပျက်အစီးတွေကို အဓိက ရှင်းလင်းပေးစေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းမြို့ရှိ Window အိမ်ဆောက်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး ပိုင်ရှင် ဦးဇော်နိုင်ဦးက ပြောပါတယ်။ စစ်ကိုင်းမြို့မှာ ငလျင်ကြောင့် လူနေအိမ် အများစု ပျက်စီးခဲ့တာဖြစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူတွေဟာ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေရကြတယ်လို့ သိရပါတယ်။ငလျင်ဒဏ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့အတွက် နေထိုင်ဖို့ နေရာလိုအပ်မှု ရှိတယ်လို့ စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်မှာ နေထိုင်သူ ဒေါ်ခင်မို့မို့က ပြောပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ငလျင်ကြောင့် ဘာသာရေး အဆောက်အအုံတွေ ရှိတဲ့ စစ်ကိုင်းမြို့မှာတော့ ထိခိုက်ပျက်စီးမှု များပြားခဲ့တဲ့အတွက် ရဟန်းရှင်လူ ဒေသခံပြည်သူတွေအနေနဲ့ ပြန်လည် ထူထောင်ရေးအတွက် ပြည်တွင်း ပြည်ပအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။