မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ သတ်မှတ်ထားတဲ့ ဗီဇာလျှောက်ထားတဲ့လုပ်ငန်းစဉ်တွေ ပြီးစီးလို့ ထုတ်ပေးထားတဲ့ သက်တမ်းရှိနေထိုင်ခွင့်ဗီဇာကို ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်ဖို့ ဂျပန်သွားမယ့် မြန်မာနိုင်ငံသားတွေရဲ့ အလုပ်လုပ်ကိုင်တာနဲ့ သက်ဆိုင်တဲ့ ကာလရှည် နေထိုင်ခွင့်လက်မှတ်ကို လတ်တလောကာလမှာ ၃ လကနေ ၆ လအထိ သက်တမ်းတိုးပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားစေလွှတ်တဲ့စနစ် အပြောင်းအလဲနဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်တဲ့ သက်ရောက်မှုကြောင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား ထုတ်ပေးတဲ့ လုပ်ငန်းစဉ်မှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ဒါ့ကြောင့် ဂျပန်သံရုံးအနေနဲ့ ဂျပန်သွားမယ့်မြန်မာနိုင်ငံသားတွေရဲ့ အလုပ်လုပ်ကိုင်တာနဲ့ သက်ဆိုင်တဲ့ ကာလရှည် နေထိုင်ခွင့်လက်မှတ်ကို သက်တမ်းတိုးပေးလိုက်တာပါ။ဂျပန်နိုင်ငံက အလုပ်ခန့်တဲ့ ကုမ္ပဏီက ကာလရှည်နေထိုင်ခွင့်လက်မှတ်ထုတ်ပေးဖို့ လျှောက်ထားတဲ့ အချိန်က တင်ပြခဲ့တဲ့ လုပ်ငန်းတာဝန်တွေအတိုင်း ဆက်လက်ခန့်အပ်နိုင်ကြောင်း ရေးသားထားတဲ့စာကို တင်ပြရမှာဖြစ်ပြီး သံရုံးကထုတ်ပေးထားတဲ့ နေထိုင်ခွင့်ဗီဇာကို ရယူထားရမယ်လို့ သိရပါတယ်။