မြန်မာနိုင်ငံက ငလျင်ထိခိုက်ပျက်စီးမှုတွေအတွက် ဆေးဝါးတွေနဲ့ ရောဂါရှာဖွေရေး စမ်းသပ်ကိရိယာတွေအပါ အဝင် ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ရဲ့ လေယာဉ်ဟာ ဧပြီ ၉ ရက် မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာ့ငလျင်ဘေးအတွက် ဒေါ်လာ ၆ သန်းကျော်တန်ဖိုးရှိတဲ့ ကူညီကယ်ဆယ်ထောက်ပံ့ပစ္စည်း တွေ ပေးအပ်မှာဖြစ်သလို ဒီနေ့ ရောက်ရှိလာတဲ့ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့(JDR)ထံ ဆက်လက် ပို့ဆောင် သွားမှာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာ မတ်လ ၃၁ ရက်က အဖွဲ့ဝင် ၅ ယောက်ပါ လေ့လာရေးအဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့သလို ဧပြီလ ၂ ရက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR)က ဆရာဝန်၊ သူနာပြုတွေပါဝင်တဲ့ အဖွဲ့ဝင်သစ် ၂၇ ယောက် စုစုပေါင်း ၃၂ ယောက်ကို စေလွှတ်ခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၃၀ ရက်က Disaster Emergency Logistics System for ASEAN (DELSA) ကတစ်ဆင့် အရေးပေါ်သုံး မိုးကာစ ၂၄၀ နဲ့ ရွက်ဖျင်တဲ ၄၅၀ ကို ပို့ဆောင်ပေးခဲ့သလို ငလျင်ဒဏ်သင့် ပြည်သူတွေ အခြေခံ လိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ သန့်ရှင်းရေးပစ္စည်းတွေ၊ ရေနဲ့ ရေသန့်စက်တွေကို JICA ကတစ်ဆင့် ထောက်ပံ့ပေးအပ်ဖို့ ရှိတယ်လို့လည်း ဂျပန်အစိုးရက ကြေညာထားပြီး ဖြစ်ပါတယ်။