အခုနှစ် ငါးလအတွင်း ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ငါးသိန်း နှစ်သောင်းလောက်ရှိတယ်လို့ နစက အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။
ဇွန်လ ၂၁ ရက်က နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမမှာ ပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှုကို ကြည့်မယ်ဆိုရင် ၂၀၂၃ ခုနှစ်မှာ ပြည်ပခရီး သွားဧည့်သည် ၁ ဒသမ ၂၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် လေးဆခွဲ တိုးတက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း ပြည်ပခရီးသွားဧည်သည့်ဝင်ရောက်မှုဟာ ငါးသိန်း နှစ်သောင်းလောက် ဝင်ရောက်ခဲ့တဲ့အတွက် အရင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရမှာဖြစ်ပြီး ကိုဗစ်-၁၉ မတိုင်ခင် ဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည်အရေအတွက်ကို ပြန်လည်ပြည့်မီရေး အဘက်ဘက်က ဆက်လက်ကြိုးစားဆောင်ရွက်သွား ရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ပါတယ်။