ပြည်တွင်းစက်သုံးဆီဈေးဟာ ဩဂုတ် ၉ ရက်မှာ အောက်တိန်း 92 နဲ့ 95 ဈေးတွေ အနည်းငယ်စီကျဆင်းသွားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ် ၉ ရက်အတွက် ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေးတွေအနေနဲ့ အောက်တိန်း 92 တစ်လီတာကို ၂၇၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၈၉၀ ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၄၅၀ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၉၄၅ ကျပ် သတ်မှတ်ထားပါတယ်။ ဒီဈေးနှုန်းတွေဟာ အရင်နေ့တွေက ဈေးနှုန်းတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် အောက်တိန်း 92 နဲ့ 95 တစ်လီတာဈေးဟာ အနည်းငယ်စီ ကျဆင်းလာပြီး ရိုးရိုးဒီဇယ်ဈေးကတော့ မပြောင်းလဲဘဲရှိနေသလို ပရီမီယံဒီဇယ်ဈေးကတော့ အနည်းငယ်မြင့်တက်လာတာကိုတွေ့ရပါတယ်။

အလားတူ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်စတဲ့ မြို့ကြီးတွေရဲ့ အောက်တိန်း 92 နဲ့ 95 တစ်လီတာဈေးတွေဟာလည်း အနည်းငယ်စီကျဆင်းလာသလို ပရီမီယံဒီဇယ်ဈေးကတော့ အနည်းငယ်မြင့်တက်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းက စက်သုံးဆီဆိုင်တချို့မှာတော့ စက်သုံးဆီဝယ်ယူဖို့ ကားတွေတန်းစီစောင့်ဆိုင်းရတာရှိနေသေးသလို ဩဂုတ်လ ဒုတိယပတ် အကုန်ထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးထားပြီး ဆီတင်သင်္ဘောတွေလည်း ဝင်ရောက်နေတယ်လို့သိရပါတယ်။