ရန်ကုန်-မြိတ် လေကြောင်းခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်ကစပြီး (၃)ရက်ကြာ ယာယီပိတ်ထားခဲ့ပေမဲ့ လက်ရှိမှာ တော့ တစ်ရက်ခြား ပြန်လည်ပျံသန်းပြေးဆွဲပေးမှာဖြစ်တယ်လို့ ရန်ကုန်-မြိတ် လက်မှတ်အရောင်းဌာနတွေဆီ ကနေ သိရပါတယ်။

ပုံမှန်ဆိုရင် နေစဉ် ရန်ကုန်-မြိတ်ခရီးစဉ်တွေကို အဲကမ္ဘောဇ လေကြောင်းလိုင်းက နေစဉ် ပျံသန်းနေပြီး မြန်မာ အမျိုးသားလေကြောင်းလိုင်းက အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်းနေတာပါ။ ဒီဇင်ဘာလအတွင်းမှာ မြိတ်လေဆိပ်ကွင်း ပြုပြင်နေတဲ့အတွက်ကြောင့် ခရီးစဉ် ယာယီပိတ်ထားခဲ့ရပါတယ်။အခုနှစ်အတွင်း မြိတ်ဒေသခံတွေအနေနဲ့ ရန်ကုန်-မြိတ်-ကော့သောင်းကားလမ်းမမှာ နယ်မြေမတည်ငြိမ်မှုတွေ ဖြစ်ပွားနေတာတွေကြောင့် လေကြောင်းခရီးစဉ်ကို အဓိက အားထားနေရတယ်လို့ သိရပါတယ်။

မြိတ်လေကြောင်းခရီးစဉ်အဖြစ် ဒီဇင်ဘာ (၇)ရက်ကနေ (၉)ရက်နေ့အတွင်း လက်မှတ်ဖြတ်ထားတဲ့ ခရီးသည်တွေ ကိုတော့ ခရီးစဉ်ယာယီ ဖျက်သိမ်းလိုက်တဲ့အတွက် လက်မှတ်ဖိုး ပြန်အမ်းပေးတာတွေ၊ ခရီးစဉ်ပြန်ချိန်းပေးတာ တွေ လုပ်ပေးခဲ့ရတယ်လို့ ရန်ကုန်-မြိတ် လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။