ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ဘတ်စကားမှတ်တိုင်တွေမှာ YBS ယာဉ်မဟုတ်ဘဲ ရပ်တန့်ထား တဲ့ အငှားယာဉ်၊ ကိုယ်ပိုင်ယာဉ်တွေနဲ့အခြားယာဉ်တွေကို သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲနဲ့ပူးပေါင်းပြီး ဖမ်းဆီး အရေးယူတာတွေပြုလုပ်သွားမယ်လို့ YRTC က သိရပါတယ်။
အဲဒီလိုဆောင်ရွက်တာဟာ ခရီးသွားပြည်သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့နဲ့ ယာဉ်ကြောပိတ်ဆို့တာတွေ လျော့နည်းသွားစေဖို့ဖြစ်တယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။
အရင်ကလည်း ဘတ်စကားမှတ်တိုင်တွေမှာ အငှားယာဉ်တွေ၊ အိမ်စီးယာဉ်တွေနဲ့ အခြားယာဉ်ရပ်နားတာတွေကို ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်ချိန်က ယာဉ်ကြောပိတ်ဆို့တာတွေနဲ့ ယာဉ်အန္တရာယ်ဖြစ်ပွားမှုတွေ လျော့ကျခဲ့ပေမယ့် အခုနောက်ပိုင်း အရေးယူတာတွေ အားနည်းလာချိန်မှာ စည်းကမ်းမဲ့ရပ်နားတာတွေ ပြန်လည်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

YRTC အနေနဲ့ YBS ယာဉ်တွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ မောင်းနှင်သွားလာစေဖို့ ကြပ်မတ် ဆောင်ရွက်ရာမှာ စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့နဲ့ အဓိကလမ်းကြောင်းကြီး ၁၀ ကြောင်းပေါ်မှာ ကြပ်မတ်စစ်ဆေး ဆောင်ရွက်နေပြီး စည်းကမ်းလိုက်နာမှုမရှိတဲ့ ယာဉ်တွေကို ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်နဲ့အညီ အရေးယူ ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။ ကြပ်မတ်စစ်ဆေးဆောင်ရွက်နေတဲ့အခြေအနေကိုလည်း ဦးလျန်ကျင့်မန်က အခုလို ဆက်ပြောပါတယ်။
YRTC ရဲ့ကြီးကြပ်မှုအောက်မှာ နေ့စဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်းက ယာဉ်အစီးရေ ၃၈၀၀ နဲ့ ပုံမှန်ပြေးဆွဲနေပြီး တစ်နေ့ကို ခရီးသွားပြည်သူ ၁ သန်းခွဲခန့်ကို ပို့ဆောင်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။