ထိုင်း-မြန်မာနယ်စပ်အနီးမှာ တရုတ်အမျိုးသား မော်ဒယ်ယန်ဇကွီ (Yang Zeqi)နဲ့ ဝူဂျာရှီ (Wu Jiaqi)ဆိုတဲ့ တရုတ်အမျိုးသမီးတစ်ယောက် ပျောက်ဆုံးနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

တရုတ်အမျိုးသား မော်ဒယ်နဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးရဲ့ မိသားစုတွေက ဆက်သွယ် အကူအညီတောင်းခံတာ ကြောင့် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စပြုလုပ်နေပြီလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရုံးရဲ့ စစ်ဆေးရေးအရာရှိ ချုပ်က ပြောပါတယ်။ ဒီပျောက်ဆုံးနေတဲ့ တရုတ်အမျိုးသားဟာ တရုတ်နိုင်ငံ ပေကျင်းမြို့ကနေ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၀ ရက်က ရောက်ရှိလာတာဖြစ်ပြီး ကားတစ်စီးကနေ နယ်စပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ရိုက်ဖို့ Audition အောင်မြင်တယ်လို့ Wechat ကနေတစ်ဆင့် အဆက်အသွယ်ရတဲ့အတွက် သူက ဘန်ကောက်ကို လာခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက်ကတည်းက ပျောက်ဆုံးနေပြီး ဒီဇင်ဘာ ၂၉ ရက်မှာ တော့ ဗီဒီယိုကော ခေါ်ဆိုခဲ့ပါတယ်။ သူလုံခြုံတယ်လို့ ပြောပေမယ့် မျက်လုံးမှာ ဒဏ်ရာတွေရှိနေကြောင်းနဲ့ ခဏအကြာမှာ ဖုန်းချသွားကြောင်း သူ့မိခင်ဖြစ်သူက ပြောပါတယ်။ အဲဒီအခြေအနေတွေကြောင့် မိသားစုတွေက တရုတ်ရဲတပ်ဖွဲ့ဆီ ချက်ချင်းတိုင်ကြားခဲ့ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးတွေကိုလည်း ဆက်သွယ် အကူအညီ တောင်းခံခဲ့ပါတယ်။

နောက်ထပ် ပျောက်ဆုံးနေတဲ့ အသက် ၂၁ နှစ်အရွယ် တရုတ်အမျိုးသမီးကတော့ ဇန်နဝါရီ ၆ ရက်က ရောက်ရှိ လာပြီး အဲဒီနောက်မှာ မိသားစုတွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်သွားပါတယ်။ မိသားစုတွေက ထိုင်း ရဲတပ်ဖွဲ့ကို ဇန်နဝါရီ ၈ ရက်မှာ တိုင်ကြားတဲ့အတွက် ရဲတွေက လေဆိပ်ကင်မရာတွေကို စစ်ဆေးနေပါတယ်။ဒီတရုတ်နိုင်ငံသားတွေ ပျောက်ဆုံးမှုဟာ ပြီးခဲ့တဲ့တစ်ပတ်က ပြန်တွေ့ခဲ့တဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ပျောက်ဆုံးမှုနဲ့ ဆင်တူနေပါတယ်။ အသက် ၃၁ နှစ်အရွယ် သရုပ်ဆောင် ဝမ်ရှင်းဟာ မြဝတီမြို့က အွန်လိုင်းငွေလိမ်တဲ့ဂိုဏ်းတွေရဲ့ ဖျားယောင်းခေါ်ဆောင်မှုကို ခံရပြီး လူကုန်ကူးခံခဲ့ရတာပါ။ ဒါပေမဲ့လည်း သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဘေးကင်းစွာနဲ့ ထိုင်းနိုင်ငံကို ပြန်ရောက်လာပြီဖြစ်ပါတယ်။