ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကြီးကျေးရွာက နွားဦးတိုက်ဆရာတော်ရဲ့ ကျောင်းတိုက်အတွင်းရှိ ကမ္ဘာကျော်ဗုဒ္ဓပြတိုက်ကို စိတ်ဝင်တစားနဲ့လာရောက်ဖူးမြော်ကြည်ညို လေ့လာသူတွေ အရင်ကထက်ပိုမိုများလာပြီး နေ့စဉ်ထောင်နဲ့ချီ ရှိခဲ့တယ်လို့ နွားဦးတိုက်ဆရာတော် ဓမ္မဒူတဒေါက်တာအရှင်ဉာဏာလင်္ကာရကမိန့်ပါတယ်။
အဲဒီ ကမ္ဘာကျော်ဗုဒ္ဓပြတိုက်ကြီးဟာ အလျားပေ(၁၉၀)နဲ့ အနံပေ(၈၀)ရှိပြီး ပြတိုက်အတွင်းထားရှိမယ့် ပစ္စည်းတွေကို လွန်ခဲ့တဲ့(၂၇)နှစ်လောက်ကတည်းက စုဆောင်းခဲ့တာဖြစ်တယ်လို့မိန့်ပါတယ်။

ကမ္ဘာကျော်ဗုဒ္ဓပြတိုက်ကြီးအတွင်းမှာ ကျောက်စိမ်းရတနာတွေနဲ့ထုလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေအပါအဝင် ဗုဒ္ဓရုပ်ပွားတော်များစွာ၊ ဘုရားဓာတ်တော်တွေနဲ့ ရဟန္တာဓာတ်တော်တွေ၊ မြန်မာမှုလက်ရာ ရုပ်လုံးရုပ်ကြွ ပန်းပုတွေ၊ ပန်းချီတွေ၊ လတ်တလောသီရိလင်္ကာနိုင်ငံကနေ ပင့်ဆောင်လာတဲ့ ဗုဒ္ဓစွယ်တော်ပွားအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာတွေ အစုံအလင်ထားရှိတယ်လို့သိရပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေကသာမကဘဲ အခြားအနယ်နယ်အရပ်ရပ်ကနေ ဘုရားဖူးကားတွေနဲ့ လာရောက်ကြသူတွေ အများအပြားရှိနေတယ်လို့လည်းသိရပါတယ်။