ကုံရာသီတပို့တွဲ၊ရထားပွဲလားကတ်မေ။သူငယ်ချင်းရောက်မရို့နက် ဖော်ချင်းညှိကတ်တေ။ ရွှီလ ပြောင်ပြောင် အာကာရောင်၊ကြယ်ရောင်နက္ခတ် မာဃလေ။ ထိန်ထိန်ပလို့သာစွလေ။ အသူလှရေ၊ငါလှရေ။ ဆင်ကာ ယင်ကာ လိုက်ကာပြင်လို့ ၊တပို့တွဲ ရထားပွဲရောက် အောင်လေ ( ရထားပန်းယိုင်ဆွဲကတ်မေသီချင်း-၁၉၆၈ ပြည်ထောင်စုနေ့ကပွဲ)လူမျိုးတိုင်း တွင် ယဉ်ကျေးမှုဆိုင်ရာပွဲတော်များရှိကြသည်။ ယင်းပွဲတော် များတွင် ယုံကြည်သက်ဝင်မှု ကို အခြေခံသောပွဲတော်များ၊ ဘာသာရေးကို အခြေခံသော ပွဲတော်များရှိသလို၊ ရိုးရာယဉ်ကျေးမှုု ကိုအခြေခံ သောပွဲတော်များလည်း ရှိကြသည်။ တိုင်းရင်းသားလူမျိုးအသီးသီး တို့ကျင်းပနေကြသော ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်အချို့မှာ အနှစ်သာရအားဖြင့်တူညီကြသော်လည်း ဒေသဓလေ့စရိုက်အရ ကျင်းပသည့်အသွင် သဏ္ဌန် များမှာ ခြားနားမှုများရှိကြောင်း လည်းတွေ့ရသည်။ ပုံစံအားဖြင့် ရိုးရာနှစ် သစ်ကူး မဟာသင်္ကြန်ပွဲတော်၊ လောင်း ပြိုင်ပွဲစသည်များဖြစ်ကြသည်။
ရခိုင်လူမျိုးများတွင်လည်း အစဉ်အလာမပျက်ကျင်းပသောပွဲတော်များရှိရာ ၎င်းင်းတို့မှာ ရခိုင်ရိုးရာကျင် ကိုင်ပွဲ၊ ရခိုင်ရိုးရာလောင်းပြိုင်ပွဲ၊ ရထားဆွဲပွဲ၊ ကောက်ဦးဆွမ်းတင်ပွဲ (ဆီမီးထောင် ပန်းထောင်ပွဲ)၊ ရခိုင်ရိုးရာသ င်္ကြန်ပွဲ၊ ရွာခင်းပွဲ၊ ပြည်ရှင်၊ မြို့ရှင်၊ ရွာရှင်မပူဇော်ပွဲ၊ ဆရာကန်တော့ပွဲ (ရွာကျောင်းဆရာတော် များကမိမိတို့၏ ဆရာသမား ဆရာတော်ကြီးများ ကန်တော့ပွဲ)နှင့် ဘုန်းကြီးပျံ ဒုံးယိမ်းကပွဲစသည်များဖြစ်ကြသည်။ ယင်းပွဲတော် များအနက် ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ကောက်ဦးဆွမ်း တင်ပွဲ (ဆီမီးထောင်ပန်းထောင်ပွဲ)နှင့် ရခိုင်ရိုးရာ ရထားဆွဲပွဲ များမှာ အခြားသောတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပွဲတော်များနှင့် အနှစ်သာရအားဖြင့်လည်းကောင်း၊ အသွင်သဏ္ဍာန်အားဖြင့် လည်း ကောင်း မတူကွဲပြားပြီး ရခိုင်လူမျိုးတို့၏ အမျိုးသားကိုယ်ပိုင်ဟန်စစ်စစ်ဖြင့် ကျင်းပသောပွဲတော်များ ဖြစ်ကြသည်။ရခိုင်တို့၏ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်းဖြစ်သည်။

မှတ်တမ်းတင်
တပို့တွဲလပြည့်ည၏လရောင်သည်ဝင်းဝင်းပြောင်ထိန်ထိန်ညီးလျက်ရှိသည်။လမင်းသည်ကြယ် တာရာ များခြံရံလျက်အစွမ်းကုန်ထွန်းလင်းတောက်ပနေသည်။ နက္ခတ်တာရာတို့ စုံညီကာ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံ သောညလည်းဖြစ်သည်။ ရခိုင်တိုင်းရင်းသားများ သည်တပို့တွဲ လပြည့်ညတွင် စုံညီဝင်းပသော ကြယ်လနက္ခတ် တာရာများကိုပူဇော် သည့် ပွဲတော်တစ်ခု ဖြစ်သော ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကို ရခိုင်ပြည်နယ်အနှံ့ ခြိမ့်ခြိမ့် သဲကျင်းပလေ့ ရှိကြသည်။ ရထားဆွဲပွဲမှာ ရခိုင်တိုင်းရင်းသားတို့၏ယဉ်ကျေးမှုအစဉ်အလာကြီးမားသောပွဲတော် တစ်ခုဖြစ်သည်။ ၁၉၆၈ ခုနှစ်ပြည်ထောင်စုနေ့တွင်ရခိုင်ယဉ်ကျေးမှုအဖွဲ့ကမိမိ တို့ဂုဏ်ယူအလေးထားသောရ ခိုင်ရိုးရာရထား ဆွဲပွဲ သရုပ်ဖော် ရထားပန်းယိုင်ယိမ်းအကအားတင်ဆက် ကပြခွင့်ရခဲ့သည်။ရခိုင်တေးဂီတပညာ ရှင် ဆရာကြီးဦးလုံး ရေးဖွဲ့ခဲ့သည့်ရထားပန်းယိုင်ဆွဲကတ်မေ ယိမ်းသီချင်း မှာလည်း ဂန္ထဝင်မြောက် တေးသီချင်း တစ်ပိုဒ်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ရထား ပန်းယိုင်ဆွဲကတ်မေ သီချင်း၏ ပြေပြစ်လှပသော စာသားများ၊ သာယာ မြူးကြွသော သံစဉ်များ၊တီးခတ်လိုက်သော တီးလုံးတီးကွက်များကလည်းကြားရသူတို့အားမရိုးမရွဖြစ်စေသည်။
ရထားဆွဲပွဲ၏မြင်ကွင်းကိုတေးဂီတဆရာက “ ညာသံပီးကာလေ၊ယိုင်ကျေးနှုတ်မူပြောပါရေ။ရ ထားပန်း ယိုင် လွန်ကိုဆွဲလို့၊သူဆွဲငါဆွဲပျော်ကတ်တေ။ရပ်ပြိုင်ရွာပြိုင် နိုင်အောင်ဆွဲလို့၊လက်ညီ၊အားညီ ခွန်ညီ နိုင်အောင် ဆွဲလို့၊ယီးလေးလေ့ ဆွဲကတ်မောင်ရို့လေ။ယီးလေးလေ့ ဆွဲကတ်မေရို့လေ။မောမော နန့် ဒေါကရီကိုလေ၊(ရော့–)ဖော်ဖော်ရွီရွီ သောက်ပါမောင်ရို့ တပို့တွဲ ရထားပွဲ ဂုချိန်လေ “ ဟုယော ကျ်ား၊မိန်းမအပြိုင်ဆွဲပုံ၊မောမောနှင့်ခဏ နား ခိုက်ဒေါ(ရေအိုး)ကြီးမှရေကို မောင်ကြီးသျှင်များ သောက်ဖို့ အမျိုးသမီးငယ်များခပ်ပေးပုံ၊ရေကိုသောက်ကြပုံကို ပေါ်လွင်အောင်ရေးဖွဲ့ခဲ့သည်။
မြောက်ဦးခေတ် ရခိုင်စာဆိုဥက္ကာပျံကလည်း ၄င်း၏ဆယ့်နှစ်ရာသီဘွဲ့ရတုတွင် “ ကုံရာသီလွဲ၊ တပို့တွဲ သည်၊လွမ်းဖွယ်ပင်။ ပျော်ရွှင်လူ့ရပ်မြီ၊ရထားသဘင်၊နှစ်စဉ်ငင်သည်၊သောင်းခွင်ဤလူ့ပြည် ထက်၊ ရွှင်ပျော်ဖွယ် လူတို့၌ ၊ ရာဇဌာနီ မင်းနီပြည်ဝယ်၊ ထိုထိုဇနပုဒ်၌၊ ကျူးသံရိုက် ထိန့်ထိန့်ဆူ ၊သမုဒ္ဒရာ ယမုံနာသည်၊ သီတာ ချောင်းခြားယူခ၊များလူရှင်ပျော်သောင်းသဲ၊ ဗိန်းဗောင်းခရာ စည်ဒုပ္ပာ သည်၊ ပတ်သာမြို့လုံးခြုံမျှ ၊ဟာ ငင်ကုန် ဆွဲသာဆွဲ၊လက်လှအညီ၊ကိုယ်စီလွန်ကိုတွဲ၍၊တစ်ချို့လည်း ရထားပေါင်၊ကိုယ်စီပါးဝယ်မျှောင်၍၊ဟာ မေမောင် ညီယောက်ဖ၊ကိုယ့်ဘက် ကိုယ့်ရွေ့၊အစ်ကိုညီသည် ကိုယ်စီလွန်ကိုမြဲကြစီလော့။လ လည်းဝင်းဝင်းပြောင် သန်းခေါင်ညဉ့်ကြီး၊ရင်ဘတ်တီး၍၊ကြက်ကြီးတွန် လတ်အောင်တည်း “ ဟုဖွဲ့ဆိုမှတ်တမ်းတင်ခဲ့ သည်။ (လွန်=လွန်ကြိုး)။ဤအဖွဲ့ကတပို့တွဲလပြည့်နေ့တွင် ရထားပွဲကြီးကို အများပြည်သူအပေါင်းတို့ပျော်ပျော် ပါးပါး ဖြင့် သန်းခေါင် သန်းလွဲထိ ရထားဆွဲပွဲဆင်ယင် ဆွဲငင်ကြသည်ကိုဖော်ပြနေသည်။
ရထားဆွဲပွဲဖြစ်ပေါ်လာခြင်းအယူအဆ
ရခိုင်ရိုးရာရထားဆွဲပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုး ကွဲပြားခြား နားမှုများရှိ နေကြ သည်။ ပထမအယူအဆမှာ ဗုဒ္ဓဘာသာကို အခြေပြုသောအယူအဆဖြစ်သည်။ ဘုရားအ လောင်းတော်အား မယ်တော်မာယာက ဖွားမြင်ပြီး၊ မယ်တော်မာယာကွယ်လွန်ခဲ့ရာ ယင်း၏အလောင်း အားသဂြိုဟ်ရန် မယ်တော် မာယာ၏ မိဖများနှင့် ခင်ပွန်းသည်၏မိသားစုများကတစ်ဖက်စီ ရထားပေါ် တွင်တင်၍ဆွဲငင် ခဲ့သည်မှ အစပြု သည် ဟူသောပထမအယူအဆ၊ မြောက်ဦးခေတ်တွင်ထင်ရှား ခဲ့ သည့် သျှင်ငယ်မြဝါက တိုင်းပြည်အဓွန့်ရှည် စေရန်အတွက်ကြာသပတေးသားတစ်ဦးကိုစတေးရမည် ဖြစ်သော်လည်း မိမိကိုယ်နှိုက်က ကြာသပတေးနေ့နံ သားဖြစ်၍ မိမိကိုယ်ကိုစတေးပြီး ရင်ကိုခွဲ၍ အူကိုဆွဲနုတ်ကာ နန်းတော်အားပတ်ပြေးမည်ဖြစ်ပြီး မိမိ လဲကျသည့် နေရာတွင်ပင် မြှုပ်နှံသဂြိုဟ်ရန်မှာကြားခဲ့သည်။သို့ရာတွင်သျှင်ငယ်မြဝါ လဲကျသေဆုံးခဲ့သည့်နေရာမှာ ယုတ်ညံ့ သောမြေနေရာတွင်ဖြစ်နေသဖြင့် မြှုပ်နှံရန်မသင့်ကြောင်း ဘုရင်၏အယူနှင့် အမှာစကားအတိုင်းမြှုပ်နှံရန်မူးမတ် ပြည်သူတို့ အယူအဆနှစ်ရပ်တို့အငြင်းပွားရာမှ သျှင်ငယ်မြဝါအား ရထားပေါ်တင်၍ မင်းနှင့်ပြည်သူတို့ တစ်ဖက် နှင့်တစ်ဖက် အပြိုင်ဆွဲငင်ရာမှ စတင်ဖြစ်ပေါ်လာခဲ့သည်ဟူသော ဒုတိယအယူအဆနှင့် တပို့တွဲလ ရထား ဆွဲပွဲ ကျင်းပသောအချိန်သည် ကုံရာသီဖြစ်ပြီး စန်းယှဉ်နက္ခတ်မှာ မာဃနက္ခတ် ဖြစ်ကာ ရခိုင်တို့၏ဇာတာနှင့် နေ၊ လ၊ နက္ခတ်တာရာလမ်းကြောင်း(မာဃ) နက္ခတ် (၂၇)လုံး၊ အတွင်း တာရာကြီး(၉)လုံး၊ အပြင်တာရာကြီး (၂၈)လုံး၊ အလွတ်တာရာ(၉၄)လုံးနှင့် ဆက်စပ်နေသော ကာလဖြစ်သဖြင့် မိုးလေဝသ ရာသီဥတုမှန်ကန်ကောင်းမွန်ပြီး စပါး ဆန်ရေအထွက်တိုးရန်နှင့် တိုင်းပြည်နိုင်ငံအေးချမ်းသာယာဖွံ့ဖြိုးစေရန်အတွက် ကြယ်လနက္ခတ်တာရာ များအား ပူဇော်ခြင်း ဟူသော တတိယအယူအဆများဖြစ်ကြသည်။ မည်သို့သောအယူအဆဖြင့်ပြုလုပ်ကျင်းပ သည်ဖြစ်စေ ရထားဆွဲပွဲကျင်းပခြင်းမှာ မြင့်မြတ်ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ကျင်းပ သောပွဲတော် ပင်ဖြစ်သည်။ ဘာသာရေးအမြင်ဖြင့်စဉ်းစားပါက သန့်စင်မွန်မြတ်သော ကုသိုလ် စိတ်ကိုပွားများစေနိုင်ပြီး၊ အမျိုးသားရေးအမြင်ဖြင့်စဉ်းစားပါက မိမိအသက်ကိုမငဲ့ကွက် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုစတေး ခဲ့သော မြင့်မြတ်သော သူရဲကောင်းစိတ်ဓာတ်ကို ရယူနိုင်ပေသည်။ လူမူရေးအမြင်ဖြင့်စဉ်းစားပါကလည်း ဆန်ရေစပါးတို့ဖြစ်ထွန်းအောင်မြင်ပြီး တိုင်းပြည်နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက် ရေးကို လိုလားသော ကောင်းမွန် သည့်စိတ်ဓာတ်အမြင််နှင့် တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသည့် စေတနာတရားတို့ ပွားများရရှိစေနိုင်သော ပွဲတော်လည်း ဖြစ်သည်။
ရထားဆွဲပွဲကျင်းပပုံ
ရထားဆွဲပွဲကျင်းပကြရာ၌ ကျေးလက်ဒေသများတွင် တစ်ရွာနှင့်တစ်ရွာ တစ်ဖက်နှင့် တစ်ဖက်၊ မြို့ပြများ တွင်မူ ရပ်ကွက်တစ်ခုနှင့်တစ်ခု ရထားအားအနိုင်ဆွဲကြရသည်။ တစ်ချို့ ဒေသများတွင် အမျိုးသားများကတစ် ဖက်၊ အမျိုးသမီးများကတစ်ဖက်နေ၍ အားချင်း ပြိုင်အနိုင်ဆွဲကြရသည်။
ရခိုင်ရိုးရာရထားဆွဲပွဲကိုကျေးရွာများတွင်ကျင်းပရာ၌ ကျေးရွာအပျို၊ လူပျိုများက တစ်ဖက်တစ်ချက်စီနေ ၍ဆွဲငင်ကြသလို၊ ကျေးရွာတောင်ပိုင်း၊ မြောက်ပိုင်းစသည်ဖြင့် အပိုင်းလိုက်ခွဲ၍လည်းအပြိုင်ဆွဲလေ့ရှိကြသည်။ထို့ အတူအနီးပတ်ဝန်းကျင် ကျေးရွာများကို ဖိတ်ကြား၍လည်းတစ်ရွာနှင့်တစ်ရွာသူနိုင်၊ငါနိုင်အပြိုင်ဆွဲလေ့ရှိကြသည်။ တစ်ဖက်နှင့် တစ်ဖက်သူနိုင်ငါနိုင်အပြိုင်ဆွဲရ သော အားပြိုင်ပွဲဖြစ်သကဲ့သို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ပျော်ရွှင်စွာအပြိုင် အဆိုင် ကြည်နူးစဖွယ် အပြန်အလှန် သံချပ်များထိုးကြလေ့ရှိတတ်ကြသည်။
ရထား ဆွဲပွဲမြင်ကွင်းအား ရထားပန်းယိုင်ဆွဲကတ်မေယိမ်းသီချင်းတွင် “ ရထားပွဲမှာပျော် ကတ် တေ၊ ပျော်ကတ်တေပ ရွှင်ရွင်မြူး။ ရွှင်ရွှင်မြူးလို့အားကိုပြိုင်၊(အများဆို) ဆွဲ-ဆွဲဲလိုက်၊အားနက်ဆွဲလိုက်။ အားကိုပြိုင်လို့ ငင်ကတ်တေ၊ဆွဲ-ဆွဲလိုက်၊ အားနက်ဆွဲလိုက်။ ငင်ကတ်တေဟိုဖက်က၊ငင်ကတ်တေ ဒေဖက်က၊ဒေဖက်က ယောက်ဖဟာလူ၊ယောက်ဖဟာလူ အိုလူလှရို့၊အိုလူလှရို့စကားတင်၊စကားတင် ဂွ ခကျကျ။ဂွ ခကျ ကျ နင်လား ဟေ၊(ဆွဲ၊ဆွဲလိုက်၊အားနက်ဆွဲလိုက်)နင်လားဟေ၊ငါလားဟေ့ (ဆွဲ-ဆွဲလိုက်၊အားနက်ဆွဲ လိုက်) ငါလားဟေ့ ဒေါနက် မောနက်၊ဒေါနက်မောနက် ပြောလို့နှက်ကေ (လပေါ်ကျိတ်လို့)ထခုန်ရေ၊ပဇောင်လေးလို့ငြင်းခုန်ကတ် လတ်တေ “(လပေါ်ကျိတ်=ခါးတောင်းကျိုက်) ဟုပေါ်လွင်ထင်ရှားစွာဖွဲ့ဆိုခဲ့သည်။ရထားဆွဲပွဲတွင် တစ်ဖက် နှင့်တစ်ဖက် အားချင်းယှဉ်ပြိုင် အနိုင်လုဆွဲငင်ကြရသည် ဖြစ်ရာ အချင်းချင်းစည်းလုံးညီညွတ်စေမှု စိတ်ဓာတ် များကိုရရှိစေသည်။ တစ်ရွာနှင့်တစ်ရွာ အနိုင်လုကြရသည်ဖြစ်စေငြား တက်ကြွပျော်ရွှင်စွာ တွေ့ဆုံကြရသဖြင့် တစ်ရွာနှင့် တစ်ရွာ ချစ်ကြည်ရင်းနှီးမှုကိုလည်းရရှိစေနိုင်သည်ကိုဆရာ၏သီချင်းကပေါ်လွင်စွာဖွဲ့ဆိုထားသည်။ရထားဆွဲပွဲကိုကျင်းပရာတွင် ကျင်းပသည့် ရပ်ကွက်၊ ကျေးရွာများက သုံးနှစ်ဆက်တိုက် ကျင်းပရ သည်။ရထားကိုတပို့တွဲလပြည့်နေ့ညသန်းခေါင်မတိုင်မီ မီးရှို့ဖျက်ဆီးရသည်။ယခုနောက်ပိုင်းတွင်မူ ရထားတစ် စီးလုံးအားမီးတိုက်ခြင်းမပြုတော့ဘဲ ရထားအညွန့်ဖြစ်သောဝါးညွန့်ကိုသာအဖြစ်သဘောမီးတိုက်လေ့ရှိတော့ သည်။

ရထား၏အပြင်အဆင်
ရခိုင်ရိုးရာ ရထားဆွဲပွဲတွင် အသုံးပြုမည့် ရထားကို သစ်သားပေါင် များဖြင့် ခိုင်ခံ့အောင်ပြုလုပ်ရပြီး အောက်ဘက်တွင်ရထားဘီး လေးဘီးတပ်ဆင်ထားရသည်။ ရထားဘီးကိုပိတောက်သား၊ကုက္ကိုသားများကိုအသုံး ပြု ပြုလုပ်လေ့ရှိကြသည်။ ရထား၏အညွန့်မှာ ၀ါးပင်ကိုအဓိကအသုံးပြု စိုက်ထူထားရသည်။ ရှေးယခင်က ဒိုးနွယ်ဒိုးလက်တို့ဖြင့် ရစ်ပတ်ချည်နှောင်ကြပြီး၊ရထားဆွဲကြိုးမှာလည်း ဒိုးနွယ်များကိုအသုံးပြုခဲ့ကြသည်။ ဒိုးနွယ်မှာ ခိုင်မာတောင့်တင်း၍လည်းဖြစ်သည်။တိုးတက်ခေတ်မီလာသည်နှင့်အမျှရထားကိုသံ၊မူလီများဖြင့် ခိုင် မာအောင်စည်းနှောင်ခြင်း၊နိုင်လွန်ကြိုးများကိုအသုံးပြုဆွဲငင်လာခြင်းအပြင် အမှတ်ပေးပြိုင်ပွဲများ အဖြစ်ပါထည့် သွင်းစီစဉ်ကျင်းပလာကြသည်ကိုတွေ့ရသည်။သို့ရာတွင် ရထားအပြင်အဆင်၌ ၀ါးညွန့်အားအသုံးပြုခြင်းကိုမူ ကားပစ်ပယ်မရပေ။
ပြောရမည်ဆိုလျှင် ရထားဆွဲပွဲသည် ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအမျိုးသား ပွဲတော် တစ်ခု ဖြစ်သည်။ တစ်နှစ်တွင်တစ်လတည်း၌ သာကျင်းပရသော ပွဲတော်လည်းဖြစ်သည်။ ဤပွဲတော်ကျင်းပရာမှ အခြေခံ စိတ်ဓာတ်များဖြစ်သော အချင်းချင်းစည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီး မှုနှင့် တိုင်းပြည်နိုင်ငံ သာယာဝပြောစေလို သောစိတ်ဓာတ်များကို ရရှိနိုင်ခဲ့သည်မှာ အမှန်ပင် ဖြစ်တော့သည်။
ကျွန်းသားငမန်း