ပိတောက်ဝါ၀ါ ငုဝါ၀ါတို့ သိန်သရေထိန်ဝေလို့တောက်ခဲ့ပြီ။ ပန်းကန့်ကော်၊ငုပန်းနှင့်ပန်းပိတောက်တို့အလှချင်းဆိုင်၊ ဂုဏ်ချင်းပြိုင်နေကြပြီ။ သင်္ကြန်မိုးပြေးကလေးတစ်ဖြိုက်ရွာအပြီးတွင် ပိတောက်ပန်းတို့အစွမ်းကုန်ပွင့် လန်းကာပင်လုံးကျွတ် ထိန်ဝေနေသည်မှာ ရွှေစင်ရွှေမှုံတို့ကပ်ငြိနေသည်သို့ထင်မှတ်ရသည်။ ပိတောက်ပင်၏ အောက်ခြေမြေတလင်း၌ ပြန့်ကြဲနေသည့်ပိတောက်ပန်းကြွေတို့မှာလည်း နင်းရက်စရာမရှိ။ရွှေစင်ရွှေစက်တို့အား ဖြန်းပက်ထားသည့်အလား။ ပိတောက်ပန်း၏ရနံ့ကလည်းစူးရှမွှေးမြနေသည်။ကန့်ကော်ပန်းနှင့်ငုပန်းတို့ကား ပန်းပိတောက်လောက် ထည်ဝါ၀င့်ကြွားခြင်း မရှိ။အိန္ဒြေရရ ဖြင့် သူ့အလှနှင့်သူ့အဆင်းနှင့် ရှိနေပြန်သည်။အ ဝေးတစ်နေရာမှဥသြငှက်ငယ်၏ တွန်သံသဲ့သဲ့ကိုကြားနေရသည်။ ခါသင်္ကြန်၏အရိပ်နိမိတ်တွေပါပဲ။

သင်္ကြန်တဲ့။သင်္ကန္တ-ကူးပြောင်းခြင်း၊ရွှေ့ပြောင်းခြင်းဆိုသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ သက္ကတဘာသာ အားဖြင့်သကန္ဒြ။ မြန်မာအလိုအားဖြင့်မူ သင်္ကြန်ဖြစ်သည်။နှစ်ဟောင်းကို ချန်ရစ်ပြီး နှစ်သစ်သို့ ကူးပြောင်းသောကာလ ဖြစ်သည်။ဗုဒ္ဓဘာသာဝင် မြန်မာများတို့မှာ နှစ်ဟောင်းကိုနှုတ်ဆက် နှစ်သစ်ကိုကြိုဆို သော သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြသည်။နှစ်ဟောင်းအညစ်အကြေးများကိုဆေး ကြောသန့်စင် သည့်သဘောဖြင့် တစ်ဦးနှင့်တစ်ဦး အမွှေးနံံသာရည်များပက်ဖြန်းကာ ရေစင်ပက်ဖြန်းသွန်းလောင်းခြင်းဖြင့်သ င်္ကြန် ပွဲကိုဆင်နွှဲလေ့ရှိတတ်ကြသည်။ရေဆိုသည်က အေးမြခြင်း၊ အညစ်အကြေးများကိုသန့်စင်ဆေးကြောပေး ပြီးသန့်ရှင်းစင်ကြယ်စေခြင်း၊ ရေကိုသား၍ အကြားမထင်သည့် ဂုဏ်သတ္တိများရှိသည်မို့ မင်္ဂလာရှိသောအယူ အဆဖြင့် ရေပက်ကစားခြင်းပင်ဖြစ်သည်။
သင်္ကြန်ပွဲရေကစားပွဲတော်ကိုမြန်မာပြည်သူတို့နိုင်ငံနှင့်အဝှမ်းကျင်းပလေ့ရှိတတ်ကြသည်။သင်္ကြန်ပွဲ တော်သည် လူမှုရေးပွဲတစ်ခု ဖြစ်သော်လည်း မြန်မာနိုင်ငံတိုင်းရင်းသားတို့၏ သင်္ကြန်ပွဲတော်မှာ ဘာသာရေးနွှယ် သောပွဲတော်တစ်ခုဖြစ်သည်။ တိုင်းရင်းသား လူမျိုးများတွင်လည်းကိုယ့်ဓလေ့နှင့်ကိုယ်ကျင်းပလေ့ရှိတတ်ကြသည်။သို့ရာတွင်ဒေသတစ်ခုနှင့်တစ်ခုတူညီခြင်းတော့မရှိ။မြန်မာလူမျိုးတို့၏သင်္ကြန်ပွဲတော်ကိုကျင်းပရာတွင် ဘာသာရေးနွယ်သလို ရိုးရာယဉ်ကျေးမှုကိုလည်း ထင်ဟပ်သော ပွဲတော်ဖြစ် သည်။ရှေးယခင်နှစ်ပေါင်းများစွာကပင် မြန်မာလူမျိုးများကျင်းပခဲ့သည့်ရိုးရာအစဉ်အလာကြီးမားသောပွဲတော်တစ်ခုဖြစ်ခဲ့ရာ ၂၀၂၅ ခုနှစ်တွင် မြန်မာသင်္ကြန်ပွဲတော်အား ယူနက်စ်ကိုမှကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံထားရပြီးဖြစ်သည်။
မြန်မာနိုင်ငံအဝန်းကျင်းပသော သင်္ကြန်ရေကစားခြင်း၏ အနှစ်သာရ၊ ရည်ရွယ်ချက်များမှာတူညီသော်လည်း တိုင်းရင်း သားဒေသများတွင်ကျင်းပသည့် စနစ်မှာမူတူညီခြင်းမရှိကြ။ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ် သော ရခိုင်တိုင်းရင်းသားတို့် ၏ရခိုင်သင်္ကြန် ပွဲတော်ကျင်းပခြင်းမှာလည်းတမူထူးခြားသည်။ အထူးသဖြင့်သ င်္ကြန်အကြိုပွဲကိုကျင်းပခြင်းပင်ဖြစ်သည်။
ရခိုင်သင်္ကြန်အကြိုပွဲ
သာသနာတော်သက္ကရာဇ် ၁၂၃ ခုနှစ်တွင်ရခိုင်ပြည်ဓညဝတီသို့ ဘုရားရှင်ကိုယ်တော်တိုင်ကြွချီရောက်ရှိ တော်မူခဲ့ပြီး ကိုယ်စားတော် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ချီးမြှောက်တော်မူခဲ့ကြောင်း ရခိုင်သာသနာသမိုင်းတွင် ပြဆိုထား ရှိသည်။ သင်္ကြန်အချိန်အခါရောက်တိုင်း မင်းနှင့်ပြည်သူများသည် ဘုရားရှင်အားကြည် ညိုသောအားဖြင့် အတာရေမကစားမီ ရုပ်ပွားတော်မြတ်အား အမွှေးနံ့သာရည်များဖြင့်ရေ သပ္ပာယ် ပူဇော်ကာ ကုသိုလ်ယူခဲ့ကြသည် ဟုမှတ်သားခဲ့ရသည်။ ထိုစဉ်မှဆက်ကာ ရခိုင်သင်္ကြန်ကာလတွင် သင်္ကြန်ရေကစား ခြင်းမပြုမီဦးစွာပထမ ဘုရားရှင်အား ရေသပ္ပာယ်ပူဇော်ကုသိုလ် ယူခဲ့ကြကြောင်းဖြင့် လည်းသိရသည်။ သို့ဖြင့်အစဉ်အဆက် အားဖြင့် ရခိုင်သင်္ကြန်တွင် ဘုရားရေချိုးပွဲ (ရေတော်သပ္ပာယ်ခြင်း)ကို သင်္ကြန်မကျမီအကြိုနေ့တွင် ပြုလုပ်လေ့ရှိလာကာ အစဉ်အဆက်ထိန်းသိမ်း ကျင်းပလာခြင်းပင် ဖြစ်သည်။

နံ့သာသွေးပွဲ
သင်္ကြန်ကာလတွင် သင်္ကြန်အကြိုရက်၊သင်္ကြန်အကျရက်၊သင်္ကြန်အကြတ်ရက်နှင့်သင်္ကြန် အတက်ရက် တို့ရှိကြသည်။စာရေးသူတို့ ရခိုင်ဒေသတွင်တော့ သင်္ကြန်မကျမီ သင်္ကြန်အကြိုပွဲကို တခန်းတနားပြုလုပ်ကျင်း ပလေ့ရှိကြသည်။ တစ်နည်းပြောရလျှင် နံ့သာသွေးပွဲနှင့် ဘုရားရေချိုးပွဲ(ရေသပ္ပါယ်ပွဲ) ဖြစ်သည်။နံ့သာသွေးပွဲကို သင်္ကြန်အကြိုရက် မတိုင်မီညတွင် ပြုလုပ်လေ့ရှိကြသည်။နံ့သာသွေးပွဲမှာ ရခိုင်တိုင်းရင်းသားတို့ အလေးအမြတ်ထားကြသည့် ပွဲလည်းဖြစ်သည်။ကျေးလက် တောရွာများတွင် ကျေးရွာလူကြီးများ၏ အိမ့်ရှေ့တလင်းမှာ၊ သိုမဟုတ် ရွာလယ်ခွဆုံရှိ မြေတလင်းပြင်မှာ အောက်လင်း ဓာတ်မီး တွေထွန်းပြီး တစ်ပျော်တစ်ပါးစုဝေး ပြီးနံ့သာသွေး ကြသည်။ သနပ်ခါးကျောက်ပျဉ်ကိုယ်စီ၊ အမွှေးနံ့သာတုံးကိုယ်စီဖြင့် ကျေးရွာမှလုံမငယ်တို့အလှဆုံးဖီးလိမ်းပြင် ဆင်၍လာရောက်စုဝေးပြီးနံ့သာသွေးကြမည်။ မြို့ပြများတွင်တော့ ရပ်ကွက်အလိုက် ရပ်ကွက်တွင်းက ရွာလယ်ခွ ဆုံတွင် တစ်ပျော်တစ်ပါးစုဝေးပြီးနံ့သာ သွေးတတ်ကြသည်။ နံ့သာသွေးပွဲသည် မိန်းမငယ်တို့၏ အလှကို ထုတ်ဖော်ပြသနိုင်သည့်ပွဲလည်းဖြစ်သည်။ယခုနောက်ပိုင်းတော့ လူငယ်အစုအဖွဲ့များကလည်း အစုအဖွဲ့အလိုက်စုရပ် ထားပြီး နံ့သာသွေးလေ့ရှိနေကြပြီ။ နံ့သာသွေးပွဲ ကျင်းပပြုလုပ်သည့် ညတွင်ရပ်ရွာ၊ ရပ်ကွက်အတွင်းမှ လူရွယ်လူငယ်များ ကလည်း အတီး၊အမှုတ်၊အကအခုန်များဖြင့် မြူးမြူးကြွကြွ ရှိနေတတ်ကြသည်။ သင်္ကြန်တေးသီချင်း တွေတမြိုင်မြိုင် သီဆို ကခုန်ကြရင်းမောရ ပမ်းရမှန်းပင်မသိကြ။လူငယ်များမှာ နံ့သာသွေးနေသည့် လုံမငယ်အပျိုဖြူတို့၏ အပြုံးမြမြနှင့် မျက်စောင်း တစ်ချက် အဝင့်ကိုကြည့်ရင်း ဆိုင်းချက်တီးကွက်နှင့်အညီလိုက်၍ ကခုန်ကြသည်ကလည်း အားပါးတရ ရှိနေကြသည်။ မောရပမ်းရကောင်းမှန်းပင်သိကြမည်မဟုတ်။ကြည်နူး၊ရွှင်မြူးရသည့်ညကလေး တစ်ညပင်ဖြစ်သည်။
မောင်မောင်တို့ကတစ်ပျော်တစ်ပါးဖြင့် ကကြ၊ခုန်ကြ။ သံချပ်တွေ၊ သီချင်းတွေဆိုကြ။ မမတို့ကလည်း အပြုံးမြမြဖြင့် နံ့သာသွေးကြသည်မှာ ည ၁၁ နာရီ ၁၂ နာရီတိုင်တော့သည်။သွေးပြီးနံ့သာရည်များကို မင်းကျွန်မကြီး များ (လင်ရပြီးမိန်းမများ) ကရေဖလားကြီး၊ ငွေဖလားကြီးများဖြင့် ခံယူစုဆောင်း ရယူထားကြသည်။ သွေးပြီးနံ့သာရည်များက နောက်တစ်နေ့ (သင်္ကြန်အကျနေ့) ဘုရားရေချိုးရာတွင် အမွှေးနံ့သာရည်အဖြစ် အသုံးပြုရန်ဖြစ်သည်။ ရခိုင်တို့က ဘုရားရေသပ္ပါယ်ခြင်းကို ဘုရားရေချိုး၊ ရေတော်ချိုးသည်ဟုပင် လွယ်လွယ်သုံးလိုက်ခြင်းဖြစ်သည်။
ဘုရားရေတော်ချိုး ရေသပ္ပာယ်ပွဲ
ဘုရားရေတော်ချိုး၊ ရေသပ္ပါယ်ပွဲကို သင်္ကြန်အကျနေ့တွင် မိမိတို့၏ကိုးကွယ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ သွား ရောက်ပြီး ကျင်းပပြုလုပ်လေ့ရှိသည်။ အကြိုညကသွေးယူထားသော နံ့သာရည်များကို နံ့သာခွက်ကလေး များတွင်ထည့်၍ မိန်းမ ရွယ်ငယ်များက ကိုယ်စီကိုင်၍ စီတန်းလျှောက်လှမ်း လိုက်ပါကြမည်။ မိန်းမကြီး၊မိန်းမလတ်၊ မင်း ကျွန်မများက ဆွမ်းအုပ်များ ကိုယ်စီခေါင်းတွင်ပင့်ချီရင်း လိုက်ပါ စီတန်းလျှောက်လှမ်းလိုက်ပါကြမည်။ ဘုန်းတော်ကြီးကျောင်းသို့အသွား စီတန်း လှည့်လည်ရာ ရှေ့ဆုံးမှာ သက်ကြီးများ၊မင်းကျွန်များ(မိန်းမရပြီး အသက်၃၀ကျော်၄၅နှစ်အရွယ်လူကြီးများ)က အလှူပစ္စည်းများ၊ တံခွန်၊ကုက္ကားများကိုကိုင်၍ လျှောက်လှမ်းလိုက်ပါကြမည်။ နောက်ဆုံးမှ ကာလသား လူငယ်များက ပဒေသာပင်ကိုကိုင် ချီရွက်ထမ်း ကာ တီးဝိုင်းနှင့်အကနှင့်မရိုးအီသော ရခိုင်သင်္ကြန်သီချင်းများ၊ သံချပ်များကို ဆိုတီး ကခုန် လိုက်ပါကြမည်။လူငယ်လူရွယ်များအဖို့အတက်ကြွဆုံး၊ အမြူးကြွဆုံး၊အပျော်ဆုံးကာလလေးတစ်ခုဖြစ်သည်။သင်္ကြန်တွင်ကကြ သည့်အကကားယိမ်းနွဲ့ပျော့ပျောင်း၍က ကြရသော ကဟန်တစ်ခုတော့မဟုတ်။လက်နှစ်ဖက်ကိုအပေါ်မြှောက်ထားပြီးခန္ဓာ ကိုယ်အားဘယ်နွဲ့၊ညာနွဲ့ဖြင့် စည်းချက်နှင့်အညီကခြင်းဖြစ်သည်။တစ်ဦးနှင့်တစ်ဦးဟန်ချက်ညီချင်မှညီမည်။
ရွာဘုန်းတော်ကြီးကျောင်းကိုရောက်တော့ ကျောင်းကိုလက်ျာရစ် ၃ ပတ် သို့မဟုတ်ခုနစ်ပတ်လှည်ပတ်၍ ပူဇော်ကြမည်။ ပြီးတော့ ကျောင်းထိုင်ဆရာတော်ကြီးထံတွင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြ၊ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကျောင်းဆောင်တစ်ခုလုံး လားလှဲကျင်းသန့်စင်ကြမည်။ ကျောင်းခြံဝိုင်းရှိ ခြုံနွယ် အမှိုက်သရိုက်များကို ရှင်းလင်းကြမည်။ ကျောင်းဘုရားခန်းရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ရေချိုးသပ္ပာယ်ပေးကြမည်။ ရောင် တော်ဖွင့်ပူဇော်ကြမည်။ မိန်းမပျိုများက ရေတွင်းမှ ရေကိုခပ်ယူ၊သယ်ယူပေးကြ၊ယောက်ျားလူငယ်များက ဆေးကြောသန့်စင်ပေးကြမည်။ပါလာသောဆွမ်းအုပ်များဖြင့် ဆွမ်းပြင်ဆင်ပြီး ဆရာတော်များအား ဆက်ကပ်ကာ ပါလာသူများက ဆွမ်းကျန်များကို တစ်ပျော်တစ်ပါး ဝိုင်းဖွဲ့စားသောက် ကြရသည်မှာ လည်းမေ့နိုင်စရာမရှိ။

ရေကစားခြင်း
ရခိုင်ဒေသတွင်ရေကစားခြင်းမှာ ရေလောင်းမဏ္ဍာပ်ကြီးကြီးတွင် လောင်းလှေကြီးတစ်စီးကိုထားရှိပြီး ရေအပြည့် ဖြည့်ပေး ထားကာ ရခိုင်ပျိုမယ်များကမဏ္ဍာပ်တွင်းမှနေ၍ ရေပက်လာသူများအား စောင့်ကြိုရေကစားခြင်းဖြစ်သည်။ မဏ္ဍာပ်တွင်းမှ စောင့်ကြိုနေသည့် မိန်းမပျိုများအနက် မိမိနှစ်သက်ရာမိန်းမပျိုထံမှ ရေတောင်းရယူကာ မျက်နှာချင်းဆိုင်၍ နှစ်ယောက်သား ရေပက်ကစား နိုင်ကြသည်။ အလုအယက်ရေပက်ကြခြင်း မရှိကြ။ မြင်ရသည့်မြင်ကွင်းမှာ ချစ်ကြည်နူးဖွယ်ရာလည်းဖြစ်သည်။ သင်္ကြန်အတက်နေ့တွင် နေ့နံအလိုက် အတာစားရမည့် နေ့ရက်မွေးဖွားသူများက အတာတက်အိုးများကိုဆောင်ယူ၍ ဘုရား၊ စေတီများရှိ မိမိနေ့နံသင့်ရာအရပ်တွင်သွားရောက်ကာ ဆီမီးနံ့သာများ ထွန်းညှိပူဇော်လေ့ရှိကြသည်။ ထို့အတူသင်္ကြန် အတက်နေ့တွင် သင်္ကြန်အတာစား မုန့်ပဲသရေစာများကို ပြုလုပ်၍ ဘုရားဆွမ်းတော်ကပ်ခြင်း၊ ကျောင်းကန်များ သို့ပေးပို့ဆက်ကပ်လှူဒါန်းခြင်း၊ မိမိ ပတ်ဝန်းကျင်အိမ်နီးနားချင်းများအားပေးကမ်းဝေငှခြင်းဖြင့်ကုသိုလ်ယူလေ့ ရှိကြသည်။ နှစ်ဆန်း ၁ ရက်နေ့တွင် သက်ရှိသတ္တဝါများအား ဘေးမဲ့လွှတ်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ လက်သည်း ခြေသည်း များညှပ်ပေးခြင်း စသည့်သန့်ရှင်းမှုများကိုပြုလုပ်၍ကုသိုလ်ကောင်းမှုများပြုလုပ်လေ့ရှိကြသည်။ထို့အတူ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း များဖြင့်ကုသိုလ်ယူ လေ့ရှိတတ်ကြပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့များ တွင် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ နိုင်ငံသူနိုင်ငံသား၊ ပြည်သူပြည်သား တို့ဘေးအန္တရာယ်မှကင်းဝေးစေရန် ရည်ရွယ်၍ လှူဖွယ်ဝတ္ထု များဆက်ကပ်ကာ အန္တရာယ်ကင်းပရိတ်တရား တော်များရွတ်ဖတ် ခြင်း၊ ကမ္မဝါစာများရွတ်ဖတ်ခြင်း၊ မေတ္တာပို့ အမျှအတန်းပေးဝေခြင်း များပြုလုပ်လေ့ရှိကြသည်။
သင်္ကြန်အကြိုရက် ၊သင်္ကြန်အကျရက်၊ သင်္ကြန်အကြတ်ရက်၊ သင်္ကြန်အတက်ရက်နှင့် နှစ်ဆန်းတစ်ရက်နေ့များကို သင်္ကြန်ကာလဟု သတ်မှတ်ထားကြသည်။ စာရေးသူတို့ရခိုင်ဒေသတွင် သင်္ကြန်အကြိုနေ့ မတိုင်မီညပိုင်းတွင် နံ့သာသွေးပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပြီး သင်္ကြန်ကိုကြိုကြသည်။ သင်္ကြန်အကြိုနေ့တွင် ဘုရားကျောင်းကန် များသို့သွားရောက်ပြီး ကျောင်းကန်များကို လှဲကျင်းသန့်စင်ပြီး ဗုဒ္ဓဆင်းတုတော်များကို ရေချိုး၊ရေသပ္ပာယ်ပူဇော်ပြီးမှ သင်္ကြန်ချသည်။ သင်္ကြန်ရေ ကစားခြင်းကို လူငယ်များက နှစ်ဆန်းတစ်ရက်နေ့ထိ ကစားလေ့ရှိပြီး အဆိုပါနေ့တွင် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ ခြင်းမှာအစဉ်အလာတစ်ခုပင်ဖြစ်သည်။
မကြာမီ သင်္ကြန်ကျတော့မည်။ ပန်းကန့်ကော်၊ ငုရွှေဝါနှင့်ပန်းပိတောက်တို့ အပြိုင်ဖူးပွင့် ဝေဆာနေသည့်ကာလ။ ရွက်ဟောင်းတို့ ကြွေ၊ ရွက်သစ်တွေဝေကာ နှစ်သစ်ကို ကြိုဆိုနေကြပြီ ။သင်္ကြန်ကာလတွင် ရေပက်ကစားကြသည်မှာ ကြည်လင်အေးချမ်းလှ သည်။ ရေ၏နိမိတ်ပုံကား အညစ်အကြေးများကို ဆေးကြောခြင်း၊ အေးမြကြည်လင်ခြင်း၊ အေးချမ်းနှင့် ရေကိုသား၍ အကြား မထင်ခြင်းစသည်များဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်း နိုင်ငံသူနိုင်ငံသားအား လုံးတို့၏ စိတ်ဘဝင်၌ အေးချမ်း ကြည်လင်ခြင်းနှင့်အတူ ရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းလုံးညီညွတ်သော စိတ်ဓာတ်များ ခိုင်မြဲပါစေကြောင်း သင်္ကြန်ကိုကြို၍ ဆုတောင်းလိုက် ရပါသတည်း။