နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြင့် တိုင်းတာလေ့ရှိကြသည်။ စီးပွားရေး ခိုင်မာတောင့်တင်းသောတိုင်းပြည်ကြီးများအားဖွံ့ဖြိုးတိုးတက်သောနိုင်ငံများအဖြစ်လေးစားတန်ဖိုးထားကြသည် ။စီးပွားရေးခိုင်မာတောင့်တင်းအောင်ဆောင်ရွက်နိုင်ဖို့မှာ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်မှု လိုအပ် သည်။လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူတစ်ဦးချင်း၏ ကျန်းမာကြံ့ခိုင်မှုနှင့် ဉာဏ်ပ ညာ ကအရေးကြီးသည်။ကျန်းမာရေးနှင့်ပြည့်စုံပြီး ပညာထက်မြက်သူများကသာ တန်ဖိုးမြင့်မားသည့် လူ့အရင်း အမြစ်များလည်းဖြစ်ကြသည်။ထိုသူများကသာ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်ကြသူ များ ဖြစ်ကြသည်။ယနေ့မျက်မှောက်ခေတ်သည် “ပညာခေတ် “(Age of Knowledge) ဖြစ်ကာ နိုင်ငံတစ်နိုင်ငံ၏ ညွှန်းကိန်းသတ်မှတ်ရာတွင်”လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဆနှုန်းကိန်း “(HD= Human Development Index) ဖြင့်တိုင်းတာသတ်မှတ်လေ့ရှိသည်။ယင်းသို့တိုင်းတာရာတွင် (၁)သက်ဆိုင်ရာ နိုင်ငံသားတိုင်း၏ မျှော်မှန်းသက်တမ်း၊ (၂)သက်ကြီးစာတတ်မြောက်မှု အချိုးအစား၊(၃)မူလတန်း၊အလယ်တန်း၊ အထက်တန်း ပညာသင်ကြားမှု အမျိုးအစား၊(၄) နိုင်ငံသားတစ်ဦးချင်း၏ဝင်ငွေတို့ပါဝင်သည်။နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် အထက်ပါအချက်များမှာ ကျွဲကူးရေပါ ဆိုသလို တစ်ခုနှင့်တစ်ခုဆက်စပ် လျက်ရှိနေကြသည်။
ကျန်းမာရေးလိုအပ်ချက်
ဤအချက်များတွင် သက်ဆိုင်ရာနိုင်ငံသားတိုင်း၏မျှော်မှန်းချက်သက်တမ်း မှာ ကျန်းမာရေးစောင့် ရှောက်မှုနှင့်ဆိုင်သောအချက်ဖြစ်ဖြစ်သည်။ကျန်းမာမှအသက်ရှည်မည်။ အာရောဂျံ ပရမံ လာဘံ ဟုဆိုကြရာ လူသားတိုင်းအတွက်ကျန်းမာရေးမှာလာဘ် ကြီးတစ်ပါးလည်းဖြစ်သည်။လူသားတို့၏လာဘ်ကြီးတစ်ပါး ဖြစ်သည်သာမက နိုင်ငံတော်အတွက်လာဘ်လာဘလည်းဖြစ်သည်။ယခုအခါ ကိုဗစ်-၁၉ ကဲ့သို့ ကမ္ဘာ့ကပ် ရောဂါကြောင့်နိုင်ငံများ၏စီးပွားရေးလည်း ကျဆင်းခဲ့ကြရသည်။နိုင်ငံသားများအနေ ဖြင့်လည်း အလုပ်အကိုင်ရပ်တန့်သွားကာ ဝင်ငွေလျော့ပါးကြရသည်။ ထိုကြောင့် နိုင်ငံများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နိုင်ငံသားများ၏ကျန်းမာရေးနှင့်ဆက်စပ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။နိုင်ငံသားတိုင်းကျန်းမာကြံ့ခိုင်သောသူများဖြစ်ရန်မှာ တစ်ဦးချင်းစီ၏ ကျန်းမာကြံ့ခိုင် မှုရှိဖို့ပင်ဖြစ်သည်။တစ်ဦးချင်းစီ၏ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးအသိများရှိကာ မိမိ တို့ကိုယ်တိုင်ပြုစုပျိုးထောင်ခြင်းဖြင့်ရယူနိုင်ကြသည်။ သို့ရာတွင်ဘေးပယောဂကြောင့် ဖြစ်ပေါ်လာသောရောဂါ များကိုလည်းကုသပေးနိုင် စောင့်ရှောက်ပေးနိုင်ဖို့လိုသည်။ ကုန်ထုတ်လုပ်ငန်းများ၊အလုပ်ဌာနများ၊ရုံးများ၊ ကာကွယ်ရေးဝန်ထမ်း၊ပညာရေးဝန်ထမ်းများစသည့် အလုပ်သမားများ ကျန်းမာကြံ့ခိုင်မှလည်းအလုပ် များလုပ် ကိုင်နိုင်ကြမည်။ကုန်ထုတ်စွမ်းအားများတိုးတက်လာစေမည်။

ပညာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်
ပစ္စုပ္ပာန်ကာလမိမိတို့နိုင်ငံသည်ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ( The Lowest Developing Country)စာရင်း မှလွတ်မြောက်ရန်ကြိုးပမ်းနေရဆဲဖြစ်သည်။ယင်းသို့သောအခြေအနေတွင်လူ့စွမ်းအားအရင်းအမြစ်ကိုစဉ်ဆက်မပြတ်တေိုးတက်အောင်မြှင့်တင်ပေးနိုင်မှသာလျှင်ထိုသူများကနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်ဆက်လက်တည် ဆောက်သွားနိုင်ကြမည်ဖြစ်သည်။နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ငွေကြေးအရင်းအမြစ်၊သယံဇာတအရင်းအမြစ် နှင့်လူသားအရင်းအမြစ်တို့လိုအပ်သည့်အနက်အခြေခံအကျဆုံးအရင်းအမြစ်မှာလူသားအရင်းအမြစ်ပင်ဖြစ်သည်။ကောင်းစွာပြုစုပျိုးထောင်ထားသည့် လူသားအရင်းအမြစ်ဖြင့် ကျန်သည့်အရင်းအမြစ်တို့ကိုကောင်း စွာအသုံးချပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင်အဓိကအား နည်းချက်မှာ လူသားအရင်းအမြစ်ကိုတန်ဖိုးမြင့်မားလာအောင်မြှင့်တင်နိုင်မှုအားနည်းခြင်းနှင့်ထိထိရောက် ရောက်အသုံးမပြုနိုင်ခြင်းပင်ဖြစ်သည်ဟုဆိုကြသည်။
တစ်ဆက်တည်းမှာပင်နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးမှုအတွက်အရေးကြီးသော လူ့အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှု ဆနှုန်းကိန်းတွင်သတ်မှတ်ထားသည့် သက်ကြီးစာတတ်မြောက်မှု အချိုးအစား၊မူလတန်း၊အလယ်တန်း၊အထက် တန်းပညာသင်ကြား မှုအချိုးအစားများပါဝင်လျက်ရှိရာ၊ဤအချက်များမှာ နိုင်ငံသားတိုင်း၏ပညာရည်မြင့်မား ရေးနှင့်အကျုံးဝင်လျက်ရှိသည်။တရုတ်နိုင်ငံလို၊ဂျပန်နိုင်ငံလို၊စင်္ကာပူနိုင်ငံလို၊အိန္ဒိယနိုင်ငံလို မိမိနှင့်အိမ်နီးချင်း နိုင်ငံများကဲ့သို ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် ပညာရှင်များဖြင့်နိုင်ငံကိုတည်ဆောက်နေကြခြင်းဖြစ်သည်။ အာဆီယံအသင်းဝင်နိုင်ငံများဖြစ်သော ဗီယက်နမ်၊မလေးရှား၊ထိုင်းစသည့်နိုင်ငံများကလည်းစက်မှုတော် လှန် ရေးကိုကျော်လွှားကာခေတ်မီနည်းပညာများဖြင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေကြသည်။ အဆိုပါနိုင် ငံများရှိပညာရှင်တို့ သည် စက်မှုခေတ်ကိုချန်ရစ်ကာ နည်းပညာခေတ်ကိုထူထောင်လာခဲ့ခြင်းဖြစ်သည်။ ထိုကြောင့်လည်း ၁၉ ရာစုကိုပထမစက်မှုတော်လှန်ရေးခေတ်ဟုသတ်မှတ်ပြီး၊၂၀ ရာစုကိုဒုတိယစက်မှုတော် လှန်ရေးခေတ်ဟုသတ်မှတ်ခဲ့ကြသည်။ ကမ္ဘာကြီးအား တိုးတက်ပြုပြင်ပြောင်းလဲမှုများကို စက်မှုနည်းပညာ များဖြင့် တည်ဆောက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။မျက်မှောက် ၂၁ ရာစုခေတ်ကိုကား နည်းပညာခေတ် သို့မဟုတ် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာခေတ် တစ်နည်း ပညာခေတ်ဟုခေါ်ဝေါ်နေကြလေပြီ။ထိုကြောင့် ပညာမတတ်လျှင်တစ်ခေတ် နောက်ကျကျန်ရစ်ခဲ့မည်သာဖြစ်သည်။ ပညာမတတ်သောနိုင်ငံသားတစ်ဦးချင်း သာမက နိုင်ငံတော်အတွက်မှာလည်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ခေတ်နောက်ကျ ကျန်ရစ်ခဲ့မည်မှာသေချာပေ သည်။ယနေ့အခါကာလတွင်ကမ္ဘာနိုင်ငံအ သီးသီးတို့သည် မိမိတို့နိုင်ငံများကို အသိပညာအခြေပြုလူ့အဖွဲအ စည်းဖြစ်လာအောင် အားသွန်ခွန်စိုက်ဆောင်ရွက်နေကြချိန်ဖြစ်ရာ မိမိနိုင်ငံနှင့်နိုင်ငံသားများ အညွန့်မတုံးစေရေး အတွက်သတိတရားရကြဖို့လိုပါသည်။
နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်ရာတွင်ပညာဖြင့်တည်ဆောက်ခြင်းဖြစ်သည်။ယနေ့ ကမ္ဘာတစ်ခွင်ကို လေ့လာကြည့်ပါက ပြောင်းလဲတိုးတက်မှုနှုန်းမှာယခင်ကထက်မြန်ဆန်လွန်းလှသည်။ပြောင်းလဲတိုးတက်မှု အ တွက်ပညာရှင်များ၏အခန်းကဏ္ဍမှာပို၍အရေးပါလာသည်။နည်းပညာခေတ်တွင်နည်းပညာဖွံ့ဖြိုးမှသာနိုင်ငံဖွံ့ဖြိုး ၍ လူမျိုးတိုးတက်မည်ဖြစ်သည်။နည်းပညာဖွံ့ ဖြိုးမှုအတွက်အစဉ်လေ့လာ သင် ယူနေသောလူမှုအဖွဲ့အစည်းဖြစ်နေဖို့လိုသည်။အစဉ်လေ့လာသင်ယူနိုင်သောနေရာ၊လေ့ကျင့်ပေးနိုင် သောနေ ရာမှာ အခြေခံပညာကျောင်းများမှစတင်ပြီးတက္ကသိုလ်ကောလိပ်များအဆုံးပင်ဖြစ်သည်။ စာသင်ကျောင်းများသည်စာပေသင်ကြားရုံသာမကဥပဒေစည်းကမ်းစည်းမျဉ်းများကိုလေးစားလိုက်နာတတ်စေ ရန်လေ့ကျင့်ပေးသည့်နေရာ၊နိုင်ငံကြီးသားအလေ့အကျင့်အပြုအမူများကိန်းအောင်းလာစေရန်ပြုစုပျိုးထောင် ပေးသည့်ရပ်ဝန်းများလည်းဖြစ်သည်။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လူငယ်များ၏ပညာရေးသည်ပထမ၊ပညာရေးသည် ဒုတိယ၊ ပညာ ရေးသည် တတိယအရေးအကြီးဆုံးဖြစ်သည်ဟု ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ၁၉၉၇ခုနှစ်၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူတိုနီဘလဲကပြောကြားခဲ့ဖူးကြောင်းလည်းမှတ်သားခဲ့ရသည်။

ကျန်းမာရေး၊ပညာရေးနိမ့်ပါးမှုများကြောင့်တိုင်းပြည်တိုးတက်ရေးတွင်အဟန့်အတားများကိုဖြစ်ပေါ်စေ နိုင်သည်။အနာဂတ်နိုင်ငံတော်အားအသိပညာရှင်၊အတတ်ပညာရှင်များမရှိဘဲမည်ကဲ့သို့တည်ဆောက်ကြပါ မည်နည်း။စက်မှုနည်းပညာရှင်များ၊စီးပွားရေး၊စာရင်းအင်းပညာရှင်များ၊ ဆက်သွယ်ရေးနည်းပညာရှင်များ မရှိ ဘဲလျှင် အဘယ်မှာနိုင်ငံတော်ကိုတည်ဆောက်နိုင်ကြပါမည်နည်း။ထို့အတူ ကျန်းမာကြံ့ခိုင်သောလူသားအရင်း အမြစ်များမရှိဘဲ အဘယ်မှာလျှင်တိုင်းပြည်ကိုတည်ဆောက်နိုင်ပါမည်နည်း။ကျန်းမာရေး၊ပညာရေးနိမ့်ပါးခြင်း သည် နိုင်ငံတော်၏အားထားရသောမျိုးဆက်လူငယ်များ၏အနာဂတ်ရေးကိုလည်းကောင်း နိုင်ငံတော်၏အနာ ဂတ်ကိုလည်းကောင်းဖျက်ဆီးခံနေရခြင်းပင်ဖြစ်သည်။
ကျန်းမာရေးကောင်းမွန်သောပညာတတ်များပေါများလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားများတိုးတက် လာပြီး လူမှုစီးပွားဘဝလည်းမြင့်မားလာကာပြည်နယ်များနှင့်တိုင်းဒေသကြီးများအကြားကွာဟမှုလျော့နည်းလာ မည်ဖြစ်သည်။ဤသို့ဖြစ်လာနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူများ၏ကျန်းမာရေးနှင့်ပညာရေးဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်သူများနှင့်တိုင်းရင်းသားပြည်သူအားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုအပ်ပေလိမ့်မည်။