တစ်နေ့က ရန်ကုန်-နေပြည်တော်အမြန်လမ်းပေါ်ရှိ သရက်ခြံတစ်ခြံသို့ သရက်ခြံပိုင်ရှင်မိတ်ဆွေ၏ ခေါ်ယူပို့ဆောင်မှုဖြင့်ရောက်ဖြစ်ခဲ့သည်။ဧက ၁၀၀ ကျော်အကျယ်အဝန်းရှိသောသရက်ခြံဖြစ်ကာ သရက်ပင်များ အသီးတွေညွတ်နေအောင်သီးနေသည်ကိုတွေရသည်။ပြည်တွင်းသရက်မျိုးတွေပါသလို နိုင်ငံခြားမျိုးတွေကို လည်း စိုက်ပျိုးထားကြောင်းသိရသည်။မိတ်ဆွေ၏သရက်ခြံမှသရက်သီးများကို နိုင်ငံခြားပို့ကုန်အဖြစ်ရောင်းချ နေခြင်းဖြစ်သည်။သရက်ပင်တွေကအမျိုးအမည်တွေစာရေးသူမသိပါ။ပုပုဝိုင်းဝိုင်းတွေ၊ရှည်မျောမျောများအသီးတွေကိုလည်းမြင်ရသည်။စာရေးသူငယ်ငယ်တုံးက အဖိုး၏သရက်ခြံကိုရောက်ဘူးသည်။ထိုစဉ်ကလည်းအမျိုးအ မည်မသိသောသရက်တွေအမျိုးအမယ် ၁၀ မျိုးခန့်ကိုတွေရဖူးသည်။အပင်ဆယ်မျိုး၊အရသာဆယ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်သရက်အမျိုးအမယ်ပေါင်း ၁၂၀ ခန့်ရှိကြောင်းလည်းသိရသည်။၂၀၁၄ ခုနှစ်ခန့်ကမန္တလေးမြိုံတွင် မြန်မာ့သရက်မျိုးရင်းပြပွဲတွေပြုလုပ်ခဲ့ဘူးကြောင်းလည်းအမှတ်ရမိသေးသည်။တကယ်တော့လည်းသရက်သီးသည် စာရေးသူတို့မြန်မာလူမျီုးများနှင့်မစိမ်း။ရင်းနှီးပြီးသီးနှံတစ်ခုလည်းဖြစ်သည်။
သင်္ကြန်မတိုင်မီကပင် ရန်ကုန်တွင်သရက်သီးကင်းတွေ စားခဲ့ကြရသည်။တစ်ချို့ကောက်စောသီး တွေဆိုလျှင်အတော်ပင်ကြီးရင့်နေကြပြီ။သရက်သီးနှင့်ပတ်သက်လျှင်စာရေးသူတို့မှာသရက်သီးပေါ်စသီးကင်းမှစပြီး သရက်သီးကို သရက်ကင်းတို့စရာအဖြစ် စားသုံးကြသည်။ ရင့်မာလာသည့်အချိန်တွင်လည်း အချဉ်သုပ် သုပ်ပြီး စားကြသည်။သရက်သီးသနပ်အဖြစ် ပြုလုပ်စားသုံး ကြသည်။ငရုတ်သီးနိုင်နိုင် ဆီနိုင်နိုင်ဖြင့် သရက်သီး ပိုးတီချဉ်ဆိုတာကလည်း ထမင်းဝိုင်းမှာ ပါစမြဲ။ မှည့်လာ သည့် အချိန်တွင်လည်း ထမင်းစားပြီးတိုင်း အချိုပွဲအ ဖြစ်စားသုံးခဲ့ကြသည်။စာရေးသူတို့ ငယ်ငယ်က သရက် သီးအစိမ်းကိုငါးပိရည်နစ်နစ်ဖျော်ပြီးတို့စရာအဖြစ်စား ဖြစ်ကြသည်။ငရုတ်သီးစိမ်း၊ငါးပိထည့်ကာသရက်သီး ထောင်းကလည်းထမင်းပွဲတွင်ဟင်းတစ်မယ်အဖြစ်နေရာ ယူနိုင်သေးသည်။သရက်သီးအစိမ်း ရော ၊အမှည့်ရော သရေစာအဖြစ် အားရပါးရ စားဖြစ်ခဲ့ကြသည်ကိုလည်း အမှတ်တရဖြစ်မိသေးသည်။ သရက်သီးစားစရာက မြန်မာလူမှုဘဝနှင့် ကင်းလွတ်ခြင်းမရှိ။သီးကင်းစမှသည် မှည့်သည့်အထိ မြန််မာလူမျိုးတို့၏ ထမင်းဝိုင်းတွင် မပါမပြီးဟုဆိုရမည်။စာရေးသူတို့ ရခိုင်ဒေသတွင် သရက်သီး များ ရင့်မာစပြုသည့်အချိန်တွင် အနာအဆာ မပါသည့် သရက်သီးများကိုရွေးချယ်ကာ ဆားနိုင်နိုင်ဖြင့် စဉ့်အိုး ကြီးများတွင် ထည့်ပြီးဆားရေစိမ် သိုလှောင်ထား တတ်ကြသည်။သရက်သီး ရာသီအကုန်တွင် ရခိုင်ဒေသမှာ ဖေါခြင်းသောခြင်း ရနိုင်သည့် ပုဇွန်အသေးများ ထည့်ကာ ငရုတ်နိုင်နိုင်၊ဆီနိုင်ဖြင့်ရောချက်ထားသည့် သရက် သီးဆားစိမ်ဟင်းကလည်း ထမင်းမြိန်စေသည်။

တကယ်တော့လည်း သရက်သီးမှာလူမျုားအတွက် အကျိုးပြုသည့် အာဟာရဓါတ်ပြည့်ဝသည့် အသီး တစ်မျိုိးဖြစ်သည်။ပြုပြင် စီမံစားသုံးတတ်လျှင် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ဖြင် ့လည်း သိရသည်။ပြောရမည်ဆိုလျှင် သရက်သီး၏ မူလဘူတ အစနိုင်ငံများမှာ အပူပိုင်းဇုန်နိုင်ငံများ ဖြစ်ကြောင်း သိရသည်။အပူပိုင်းဒေသနေ နိုင်ငံသားတို့ မက်မက်မောမောစားသုံးလေ့ရှိတတ်ကြသည်။ယခုအခါမြန်မာသရက် သီးများ မှာ အနောက်နိုင်ငံစျေးကွက် များသို့တိုင် ထိုးဖောက်နေရာယူနေပြီ ဖြစ်ကြောင်း လေ့လာသိရှိရသည်။ သရက်သီးကို ပြည်ပပို့ကုန်တစ်ခုအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးတင်ပို့နေသည့် နိုင်ငံတွေရှိလာခဲ့ပြီဖြစ်သည်။ မြန်မာ နိုင်ငံ သည်ပင် သရက်သီးတင်ပို့မှုကို အလေးထားဆောင်ရွက်လျက်ရှိနေပြီ ဖြစ်သည်။အရသာထူးကဲကောင်းမွန် သည့် စိန်တစ်လုံးသရက်သီးလို၊ မြကျောက်သရက်သီးလို သရက်သီးများကိုလည်း နိုင်ငံပိုင်မျိုးရင်း တစ်ခု အဖြစ် နိုင်ငံတကာ စျေးကွက်တွင် ထိုးဖောက်ရေးအတွက် မူပိုင်ခွင့်မှတ်ပုံတင်မှုတွေ ပြုလုပ်နေကြပြီဖြစ်ကြောင်းလည်း သိရသည်။၂၀၂၅ ခုနှစ်မတ်လအတွင်းကရုရှားသမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့်ခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာ့သရက်သီးများမိတ်ဆွေနိုင်ငံများသို့လက်ဆောင်အဖြစ်ပေးခဲ့သေးသည်။
ဆေးဖက်ဝင်အစာ
သရက်သီး၏ ဆေးဖက်ဝင်မှုနှင့် ပါတ်သက်၍လည်း သရက်သီး အစိမ်းအသားသည် စေးမာနေပြီး အဆီ ဓါတ်အပြည့်အဝရှိကြောင်း သိရသည်။တဖြည်းဖြည်းနှင့်မှည့်လာသည့် အခါ ဂလူးကို့စ်ဓါတ်၊ဆူးကရို့စ်ဓါတ်နှင့် မော်လ်တို့စ်ဓါတ်များ အဖြစ်ပြောင်းလဲ သွားကြောင်းသိရသည်။သရက်သီးသည် အချဉ်ဓါတ်လွန်ကဲခြင်းမရှိ သော်လည်း ဗီတာမင်စီ အလုံအလောက်ပါဝင်ကြောင်းဆိုသည်။သရက်သီးအမှည့်၏ အသားသည် အဝါရောင် လွှမ်းနေပြီး ဗီတာမင်အေဓါတ်ပါဝင်မှု အများဆုံးဖြစ်ကာ နံပါတ်တစ်နေရာတွင် ရှိကြောင်းလည်း ဆိုသည်။ ထို့ကြောင့်ပင် အရှေ့တိုင်းနိုင်ငံများတွင် သရက်သီးများကို သာမန်ရောဂါအချို့ကုထုံးဓါတ်စာအဖြစ် သုံးစွဲလေ့ ရှိကြောင်း သိရသည်။’ဆေးလည်းအစာ အစားလည်းဆေး’ဟူသည့်တိုင်းရင်းဆေးဆရာတို့၏ အယူအဆအရ သရက်သီးမှာ ဆေးဖက်ဝင်အစားအစာဖြစ်သည်။
သရက်သီးအကင်းကို ဆား၊ပျားရည်နှင့်တွဲဖက်ကာ ဝမ်းလျှော၊ဝမ်းကိုက်၊လိပ်ခေါင်း၊ကိုယ်ဝန်ရှိသူများ၏ အော့အံရောဂါ၊ဝမ်းမီးပျက်ခြင်း၊အစာမကြေနှင့်ဝမ်းချုပ်ရောဂါများကို ပျောက်ကင်းအောင်ကုသပေးနိုင်ကြောင်း သိရသည်။သုတေသနပညာရှင်များ၏ လေ့လာချက်အရ သရက်သီးသည် ကင်ဆာရောဂါကို ကာကွယ်နိုင် ကြောင်းလည်း ဆိုသည်။သရက်သီး၏ အသားထဲတွင် သရက်သီးကီတုန်းအက်စစ်(Acid Ketone of Mamgo)၊ တာပင်တစ်အက်စစ်သုံးမျိုး(Acid of Terpen)နှင့်ပိုလီဖန်နိုင်းလ်(Polyphony)ဒြပ်ပေါင်းများ ပါဝင်နေခြင်း ကြောင့်ကင်ဆာရောဂါကာကွယ်ရေးနှင့်အကျိုးသက်ရောက်မှုရှိကြောင်းလည်း သိရသည်။သရက်သီး၏ အသီး နှင့်အရွက်တွင် ဗီတာမင်စီပါရှိခြင်းကြောင့် သရက်သီးအမြဲစားလျှင် ခန္ဓာကိုယ်မှ အဆီများကိုလျှော့ချနိုင်ပစ်နိုင် ပြီး နှလုံးသွေးကြောရောဂါကိုကာကွယ်နိုင်ကြောင်းလည်းဆိုသည်။သရက်သီးတွင် ပါဝင်သည့် ဗီတာမင်အေ ဓါတ်ကြောင့် မျက်စိအမြင်အာရုံကို အထူးအားပြုပြီး မျက်ရည်အိမ်ခန်းခြောက်ခြင်း၊မျက်စိပူခြင်း၊မျက်စိယား ယံခြင်းနှင့် မျက်ကြည်လွှာပျော့ပျောင်းခြင်းအတွက် အသုံးတည့်ကြောင်း သိရသည်။နာတာရှည် လည်ချောင်း နာနေသူ၊အသံဝင်သူ၊လှိုင်းမူးပြီးအော့အံတတ် သူများအနေဖြင့် သရက်သီးအမှည့်နှစ်လုံးကို အခွံခွာ ၊ အတုံး လေးများ တုံးကာ ရေသုံးခွက်နှင့်ဆူအောင်ပြုတ်ပြီး အရည်ကို ရေနွေးသောက်သလို တစ်နေ့တစ်ကြိမ် ပြုတ် သောက်ပါက ရောဂါပျောက်ကင်းနိုင်သည်ဟုလည်း ဆိုသည်။ထို့အတူ သွားဖုံးမှ သွေးယိုသူများမှာ သရက်သီး မှည့်များကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ တစ်နေ့တစ်ကြိမ်စားပေးသင့်သည်ဟုလည်းသိရ သည်။အစာအိမ် အားနည်းသူများ၊စားချင်စိတ်မရှိသူများ၊အစာမကြေသူများမှာ သရက်သီးအမှည့်များကို ပြည်ကြီးငါး၊ပုဇွန်အ သေး၊ကြက်သွန်ဥနှင့် ချင်းများရောပြီး သင့်သလို ချက်စားနိုင်ကြောင်းလည်း သိရ သည်။ စာရေးသူတို့ကတော့ သရက်သီးမှည့်များကို ချက်စားခြင်းမပြုဘူးသေး။သရက်သီး အစိမ်း၊ သရက်သီး ဆားစိမ်နှင့်မှည့်ဝင်းစပြုနေ သည့် သရက်သီးများကို သရက်သီးရာသီချိန်တွင် ဟင်းတစ်မယ်အဖြစ် ပြုပြင်ချက်ပြုတ်စားသောက်နေကြသည် မှာကြာပြီ။ပြောရလျှင် သရက်သီးကို စားတတ်လျှင်ဆေးလည်းအစာ ၊အစားလည်းဆေးပါပဲ။
သရက်ခြံတွင် သူငယ်ချင်းကစာရေးသူတို့အားအစားအသောက်တွေဖြင့်တည်ခင်းဧည့်ခံခဲ့ရုံသာမ က အပြန်တွင်ခြံထွက်သရက်သီးအမျိုးအမယ်ကွဲသရက်သီး ၁၅ လုံး ခန့်ကို လည်းလက်ဆောင်ထည့်ပေးလိုက် သေးသည်။