ကမ္ဘာ့အဆင့်-၁ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာဟာ WTA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဆာဘာလန်ကာဟာ ၂၀၂၄ ခုနှစ်အတွင်း WTA တိုးချန်ပီယံဆု ၄ ခုကို ရယူနိုင်ခဲ့တာဖြစ်သလို ဩစတြေးလျအိုးပင်းနဲ့ ယူအက်စ်အိုးပင်း ချန်ပီယံဆုတွေကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ အတွင်းမှာပဲ စင်စင်နာတီအိုးပင်းနဲ့ ဝူဟန်အိုးပင်း ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တဲ့ ဆာဘာလန်ကာ ဟာ ဒီပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကို ၃ ကြိမ်စီရတဲ့ ပထမဆုံး တင်းနစ်မယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အောက်တိုဘာလက ဝူဟန်အိုးပင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ဆာဘာလန်ကာဟာ ပိုလန် တင်းနစ်မယ် ဆွီယာတက်ခ်ဆီကနေ ကမ္ဘာ့အဆင့်-၁ နေရာကို လွှဲပြောင်းရယူ နိုင်ခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် ဂရင်းစလမ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲကို လွဲချော်ခဲ့ရသလို ကျန်းမာရေးအခြေအနေကြောင့် ပဲရစ်အိုလံပစ်ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပေမယ့် ဆာဘာလန်ကာအတွက် ၂၀၂၄ ခုနှစ်က အောင်မြင်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။