သူ့ရဲ့တားမြစ်ဆေးအမှုကို အားကစားခုံရုံးဆီ အယူခံမဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ(WADA)ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်က ပြောကြားလိုက် ပါတယ်။ ကမ္ဘာ့ အဆင့်-၂ တင်းနစ်မယ် ဆွီယာတက်ခ်ဟာ အခုနှစ်ဩစတြေးလျအိုးပင်းမှာ ကစားသမားဘဝ ပထမဆုံး ဩစတြေးလျအိုးပင်းချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး အခုအခါမှာ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

စတုတ္ထအဆင့်မှာ အီဗာလင်းစ်ကို ဆွီယာတက်ခ်အနိုင်ရပြီးနောက်မှာ WADA(ဝါဒါ)ရဲ့ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ ဆွီယာတက်ခ်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ တုန်းက ဆေးစစ်ရာမှာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ဆွီယာတက်ခ်ဘက်က ခြေထောက်ဒဏ်ရာနဲ့ အိပ်မပျော်တာတွေအတွက် အသုံးပြုခဲ့တဲ့ဆေးတွေမှာ တားမြစ်ဆေးပါဝင်တာကို မသိရှိဘဲ သုံးစွဲခဲ့တာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

အဲဒီနောက် ဆွီယာတက်ခ်ကို ၁ လပွဲပယ်ပြစ်ဒဏ်သာချမှတ်ခဲ့တာ ကြောင့် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီဘက်က အားကစားခုံရုံးဆီ အယူခံဝင်ဖို့ စီစဉ်နေတယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အယူခံဝင်တော့မှာ မဟုတ်တော့တဲ့အတွက် ဆွီယာတက်ခ်အနေနဲ့ ပြိုင်ပွဲအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်နိုင်တော့မှာ ဖြစ်ပါတယ်။