စနေနေ့က ကျင်းပခဲ့တဲ့ အီတလီအိုပင်း Italian Open တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးပွဲစဉ် ဗိုလ်လုပွဲမှာ အီတလီ တင်းနစ်မယ် ဂျက်စ်မင် ပါအိုလိနီ Jasmine Paolini က ပြိုင်ဘက် အမေရိကန် တင်းနစ်မယ် ကိုကို ဂတ်ဖ် Coco Gauff ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တယ်လို The Guardian သတင်းမှာ ဖော်ပြထားပါတယ်။

ဂျက်စ်မင် ပါအိုလိနီရဲ့ အနိုင်ပွဲဟာ နှစ်ပေါင်း ၄၀ အတွင်း အီတလီအိုးပင်းပြိုင်ပွဲရဲ့ တစ်ဦးချင်းပွဲစဉ်တွေမှာ အီတလီလူမျိုးတွေ အနိုင်မရခဲ့တဲ့ အခြေအနေကို ပြောင်းလဲသွားစေခဲ့တဲ့ သမိုင်းဝင်အနိုင်ပွဲ ဖြစ်ခဲ့သလို ကမ္ဘာကိုလည်း အံ့ဩသွားစေခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီး တစ်ဦးချင်းဗိုလ်လုပွဲ မစတင်ခင်မှာ ပရိသတ်တွေက ဂျက်စ်မင် ပါအိုလိနီရဲ့ နာမည်ကို အော်ပြီး အားပေးခဲ့တာဖြစ်တယ်လို သိရပါတယ်။ ဂျက်စ်မင် ပါအိုလိနီ ဟာ အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်မှာလည်း အီတလီလူမျိုးပဲဖြစ်တဲ့ ဆယ်ရာ အာရန်နီ Sara Errani နဲ့ တွဲပြီး ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ အဆင့်-၄ ဖြစ်တဲ့ ဂျက်စ်မင် ပါအိုလိနီ အနိုင်ယူခဲ့တဲ့ Coco Gauff ဟာ လက်ရှိ ကမ္ဘာ့ နံပါတ်-၂ အဆင့်ရှိတဲ့ တင်းနစ်မယ်ဖြစ်ပါတယ်။ အများက Coco Gauff ပဲ အနိုင်ရနိုင်မယ်လို ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ အားလုံးကို အံ့အားသင့်သွားစေအောင် ဂျက်စ်မင် ပါအိုလိနီ ၆-၄ ၊ ၆-၂ ရလဒ်နဲ့ နှစ်ပွဲပြတ်ကို မိနစ် ၉၀ လောက်ပဲ ကစားပြီး အနိုင်ယူခဲ့တယ်လို သိရပါတယ်။